သက်ကြီးရွယ်အိုများအတွက် လုံခြုံအေးချမ်းတဲ့ အနာဂတ်

လက်ရှိ ကမ္ဘာ့အဆင့်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် လူမှုစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေ ရပြီး တိုင်းပြည်တစ်ပြည်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုအတွက် လူမှု ကာကွယ် စောင့်ရှောက်ရေး စနစ်များသည် အဓိက မဏ္ဍိုင်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး မတည်ငြိမ်မှုများ၏ ရိုက်ခတ်မှုကြောင့် ပြည်သူအများစု၏ အခြေခံလူနေမှု အဆင့်အတန်းမှာ သိသိသာသာ ကျဆင်းလာ ခဲ့ရသည်။ ထို့ပြင် အနာဂတ်တွင် ကြုံတွေ့လာရမည့် သက်ကြီးရွယ်အိုဦးရေ တိုးပွားလာသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် ခိုင်မာသည့် ပင်စင်စနစ်နှင့် လူမှုဖူလုံရေးကွန်ရက်များ ကင်းမဲ့နေခြင်းသည် တိုင်းပြည်၏ ရေရှည်စိန်ခေါ်မှုကြီး ဖြစ်လာနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပင်စင်စနစ်သည် အစိုးရဝန်ထမ်းများနှင့် တပ်မတော်သား အများစု အတွက်သာ အကာအကွယ်ပေးနိုင်ပြီး စုစုပေါင်း နိုင်ငံ့လုပ်သားအင်အား၏ ၈၀ ရာခိုင်နှုန်းကျော် ရှိသော လယ်သမားများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အလွတ်သဘောလုပ်သားများ*အတွက် ပင်စင် အကာအကွယ် လုံးဝ မရှိသလောက် ဖြစ်နေသည်။ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအနက် အများစုသည် လူငယ်ဘဝကတည်းက လယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ရုံ၊ အိမ်တွင်းအလုပ်၊ ဈေးရောင်းလုပ်ငန်းနှင့် နေ့စား အလုပ်များတွင် ပါဝင်ခဲ့ကြသည်။ ထိုအလုပ်များသည် နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသော်လည်း အများစုမှာ အလုပ်ရှင်က ပင်စင်ထည့်ဝင်ပေးသည့် တရားဝင်စနစ် အပြင်ဘက်တွင် ရှိနေကြသည်။ တစ်နေ့လုပ် တစ်နေ့စားရသည့် ဝင်ငွေဖြင့် ရပ်တည်ရသဖြင့် အနာဂတ်အတွက် ငွေ စုဆောင်းနိုင်မှု လည်း နည်းပါးသည်။ အသက်ကြီးလာသည်နှင့်အမျှ အမြင်အာရုံနှင့် အကြားအာရုံ လျော့နည်းခြင်း၊ အဆစ်အမြစ်နာခြင်း၊ နာတာရှည်ရောဂါများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာသည်။ သို့သော် ဝင်ငွေမရှိလျှင် အလုပ်ချိန်လျှော့ချခြင်း သို့မဟုတ် အနားယူခြင်းကို မလုပ်နိုင်ဘဲ နေပူမိုးရွာမရှောင် ဈေးရောင်းရခြင်း၊ လေးလံသည့်အလုပ်များကို ဆက်လုပ်ရခြင်းတို့ ဖြစ်ပေါ်လာသည်။ ထို့အပြင် ယနေ့ခေတ် အလုပ်အကိုင်များသည် စမတ်ဖုန်းအသုံးပြုမှု၊ QR ဖြင့် ငွေပေးချေမှု၊ အွန်လိုင်း ကြော်ငြာမှုနှင့် ဒစ်ဂျစ်တယ်စာရင်း ထားမှုတို့ကို ပိုမိုလိုအပ်လာသည်။ သက်ကြီးရွယ်အိုများအနေဖြင့် ယင်းနည်းပညာများကို လေ့လာအသုံးပြုရာတွင် အခက်အခဲရှိနိုင်သဖြင့် ဝင်ငွေကောင်းသော အလုပ် အကိုင်များမှ ဖယ်ထုတ်ခံရပြီး ခန္နာကိုယ် အားကိုးရသည့် ဝင်ငွေနည်းအလုပ်များတွင်သာ ကျန်ရစ် တတ်သည်။ သားသမီးများက အလုပ်အကိုင်အတွက် အခြားဒေသ သို့မဟုတ် အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားသည့်အခါ တစ်ဦးတည်း နေထိုင်ရခြင်း၊ မြေးများကို ပြုစုရခြင်းနှင့် အိမ်စောင့်ရှောက် ရေးတာဝန်များကို ထမ်းဆောင်ရခြင်းတို့ကလည်း သက်ကြီးရွယ်အိုများအပေါ် ဝန်ထုပ်ဝန်ပိုး ပိုပိစေ သည်။ အနာဂတ်အကြံပြုချက်နှင့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ လူမှုရေးပင်စင်ကို အသက် ၈၅ နှစ်နှင့်အထက် အုပ်စုအတွက်သာ ကန့်သတ်ထားခြင်းမှ ဝင်ငွေ အလွန်နည်းပါးသူများ၊ တစ်ဦးတည်းနေထိုင်သူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါ ရှိသူများ ကို အသက် ၆၅ နှစ်မှစ၍ ဦးစားပေး ထည့်သွင်းသည့်စနစ်သို့ တဖြည်းဖြည်း ပြောင်းလဲသင့်သည်။ နိုင်ငံတဝန်း တပြိုင်နက် အကောင်အထည်မဖော်နိုင်သေးပါက အဆင်းရဲဆုံးမြို့နယ်များတွင် စမ်းသပ် ပြီး ရလဒ်အပေါ်မူတည်၍ တိုးချဲ့နိုင်သည်။ ထို့ပြင် သက်ကြီးရွယ်အိုများအတွက် ငွေသားထောက်ပံ့မှုတစ်ခုတည်းဖြင့် မလုံလောက်ပါ။ အခြေခံ ကျန်းမာရေးစစ်ဆေးမှု၊ သွေးတိုးနှင့် ဆီးချိုရောဂါ စောင့်ကြည့်မှု၊ အရေးကြီးဆေးဝါးများနှင့် မသန်စွမ်းမှုဆိုင်ရာ အထောက်အပံ့များကို ပင်စင်စနစ်နှင့် ချိတ်ဆက်ပေးသင့်သည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့်တွင် ရပ်ရွာအခြေပြု ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများ၊ အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးမှုများနှင့် နေ့စဉ် စောင့်ရှောက်ရေးစင်တာများ တည်ဆောက်ပေးရန်လည်း လိုအပ်သည်။ တောင်သူလယ်သမားများ၊ နေ့စားအလုပ်သမားများ၊ ဈေးသည်များနှင့် ကိုယ်ပိုင် အသေးစား လုပ်ငန်း ရှင်များအတွက် ဝင်ငွေအနည်းငယ်ဖြင့် ပါဝင်နိုင်သည့် Micro-pension စနစ်ကို ဖန်တီးသင့်သည်။ ဝင်ငွေ မတည်ငြိမ်သူများအနေဖြင့် လစဉ်မထည့်ဝင်နိုင်သည့်အခါ အပတ်စဉ် သို့မဟုတ် ရာသီ အလိုက် ထည့်ဝင်နိုင်ရမည်။ ဝင်ငွေနည်းသူများ၏ ထည့်ဝင်ငွေကို အစိုးရက တစိတ်တပိုင်း ဖြည့်စွက် ပေးပါက ပါဝင်လိုစိတ် ပိုမိုမြင့်တက်လာနိုင်သည်။ အလုပ်လုပ်လိုသေးသည့် သက်ကြီးရွယ်အိုများကို အလုပ်မှ အပြီးအပိုင် ဖယ်ထုတ်ရန် မလိုပါ။ ကိုယ်ခန္ဓာမပင်ပန်းစေဘဲ အချိန်ပိုင်း သို့မဟုတ် နေအိမ်အနီးတွင် လုပ်ကိုင်နိုင်သည့် လက်မှုပညာ၊ ပျိုးပင်စိုက်ပျိုးခြင်း၊ အိမ်တွင်းထုတ်လုပ်မှု၊ ဒေသထွက်ကုန်ရောင်းချမှု၊ ရပ်ရွာစောင့်ကြည့်ရေးနှင့် အတွေ့အကြုံမျှဝေပေးသည့် အကြံပေးလုပ်ငန်းများ ဖန်တီးပေးသင့်သည်။ ထိုသို့သော သက်ကြီး ရွယ်အိုများကို ငှားရမ်းသည့် လုပ်ငန်းရှင်များအတွက် အခွန်လျှော့ပေါ့မှုများလည်း စဉ်းစားနိုင်သည်။ ဘဏ္ဍာငွေအတွက် အစိုးရဘတ်ဂျက်ကို အဓိကထားသင့်သည်။ သဘာဝအရင်းအမြစ်အခွန်များ သို့မဟုတ် အထူးကုန်စည်အခွန်များမှ အစိတ်အပိုင်းတစ်ခုကို သက်ကြီးရွယ်အို လူမှုဖူလုံရေးရန်ပုံငွေ အဖြစ် သီးခြားဖယ်ထားနိုင်သည်။ လူမှုရေးအဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် များ၏ ပံ့ပိုးမှုကို အသုံးပြုနိုင်သော်လည်း ပင်စင်စနစ်၏ ရေရှည်တည်တံ့မှုကို အလှူငွေများပေါ် တွင်သာ မမှီခိုဘဲ အမျိုးသားဝင်ငွေနှင့် အခွန်စနစ်အတွင်း တဖြည်းဖြည်း ထည့်သွင်းတည်ဆောက်ရ မည်။ သက်ကြီးရွယ်အိုများကို ထောက်ပံ့ခြင်းသည် အလှူအတန်းတရပ် မဟုတ်ပါ။ တစ်ဘဝလုံး လူ့အဖွဲ့ အစည်းအတွက် အလုပ်လုပ်ပေးခဲ့သူများ၏ အခြေခံအခွင့်အရေးနှင့် လူမှုဂုဏ်သိက္ခာကို ပြန်လည် ကာကွယ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရက အနည်းဆုံးအခြေခံဝင်ငွေကို အာမခံပေးပြီး ထည့်ဝင်ငွေပင်စင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သင့်လျော်သော အလုပ်အကိုင်နှင့် ရပ်ရွာအခြေပြု ပြုစုစောင့် ရှောက်ရေးစနစ်တို့ကို အလွှာလိုက်ပေါင်းစပ်တည်ဆောက်ရမည်။ လုံခြုံစိတ်ချရသော လူမှုရေး အစီအစဉ်များသည် အရေးမကြီးပါဟု ထင်ရသော်လည်း သက်ကြီး ရွယ်အိုများအတွက်သာမက မည်သူမဆို၏ အနာဂတ်အတွက် အရေးကြီးသော လူမှု ကတိကဝတ် တစ်ရပ် ဖြစ်တော့သည်။ စိုက်ပျိုးရေး၊ အိမ်တွင်းစီးပွါးရေး၊ သယ်ယူပို့ဆောင်ရေး အစရှိသည်တို့တွင် အလုပ်လုပ်သူနှင့် နေ့စားအလုပ်သမားများကို ဆိုလိုသည်။ အထူးသဖြင့် အနာဂတ်အတွက် စုဆောင်းငွေနှင့် ဝင်ငွေ အာမခံချက် မရှိသူများဖြစ်သည်။ ---