တော်လှန်ရေးအတွင်း အာရက္ခအပြောင်းအလဲနှင့် ဝေဝါးနေဆဲရိုဟင်ဂျာအနာဂတ်

လူမျိုးရေးဘာသာရေးပဋိပက္ခ၊ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ ဒုက္ခသည်အရေးကိစ္စတို့နဲ့ တွဲမြင်ရတဲ့ ရခိုင်ပြည်နယ်ဟာ အခုအချိန်မှာတော့ တော်လှန်ရေးရဲ့ ရှေ့ပြေးပြယုဂ်သဖွယ် လွတ်မြောက်နယ်မြေ အများအပြား ပေါ်ထွန်းလာပြီး အုပ်ချုပ်ရေးယန္တရား စတင်နေတဲ့ ပြည်နယ်တစ်ခု ဖြစ်လာပါပြီ။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာပြည်သူတွေအတွက် တော့ တိကျတဲ့မျှော်လင့်ချက်မျိုး မမြင်ရသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ ဝေဝါးနေတဲ့ မျှော်လင့်ချက်တွေနဲ့ မြန်မာပြည်သူတွေထဲကမှ တမြေ့မြေ့လောင်ကျွမ်းနေဆဲ လူမျိုးတုံးသတ်ဖြတ်မှု (Slow Burning Genocide) ကို ခံစားနေရတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ထင်ရှား စေလိုရင်းပဲဖြစ်ပါတယ်။

တစ်ကျော့ပြန်ပေါ်လာသော လူ့အခွင့်အရေးချိုးဖောက်မှုများ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်တပ်နဲ့ အစိုးရတို့ အဓိကတာဝန်ရှိပြီး အဓိက ကျူးလွန်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူအဆင့်ဆင့်ကို နိုင်ငံတကာတရားရုံးတွေ မှာ ဖမ်းဝရမ်းထုတ်တာ၊ တရားစွဲဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်လောက်ကစပြီး တော်လှန်ရေး တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ အကြမ်းဖက်စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး နယ်မြေ အများစုကို ထိန်းချုပ်နိုင်ပြီးတဲ့အချိန်မှာလည်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုတိုးပွားလာခဲ့ကြောင်း အထောက်အထားများ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ ဘက်မလိုက်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးယန္တရားများ၊ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သော အဖွဲ့အစည်းများရဲ့ အစီရင်ခံစာများအရ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်၊ အာရက္ခတပ်တော်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ် များရဲ့ သုံးပွင့်ဆိုင် ဖိနှိပ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း တွေ့ရှိရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံတကာ တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ ထပ်တိုး တရားစွဲဆိုမှုတွေ ပေါ်ပေါက်လာသလို ၂၀၂၅ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွေးနွေးတာတွေ ရှိလာခဲ့ပါတယ်။ ဒီအပေါ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော်တို့က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲတာတွေနဲ့ ငြင်းဆိုတာတွေသာတွေ့ရပြီး ထိရောက်တဲ့ ပြင်ဆင်မှုမျိုး မတွေ့ရသလို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေဟာလည်း ဒုက္ခသည်စခန်းနဲ့ အချို့နေရာတွေမှာ တိုးပွားလာတာကိုသာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အာရက္ခ တပ်တော်မှာ တာဝန်ရှိကြောင်း (Human Rights Watch) အဖွဲ့ရဲ့ သက်သေအထောက်အထားများနဲ့ အစီရင်ခံစာ ထွက်ရှိလာခဲ့ပြီး အာရက္ခတပ်တော်ဘက်က ငြင်းဆိုမှုနဲ့သာ တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။

အမည်နာမသုံးစွဲမှုဆိုင်ရာ ပြဿနာများနှင့် ဝိသေသအငြင်းပွားမှုများ

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှုရဲ့ အခြေခံအကြောင်းတရား များစွာထဲမှာ သူတို့ရဲ့ ဝိသေသတစ်ခုဖြစ်တဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုးစုအမည်ကို အသိအမှတ်မပြုဘဲ ငြင်းဆိုတာနဲ့ “ခိုးဝင်ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းနဲ့ စွပ်စွဲတာတွေလည်း ပါဝင်ပါတယ်။ ဒီ “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး အစိုးရ အင်စတီကျူးရှင်း တွေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုတည်ရှိနေသလဲဆိုတာကို အသေအချာ စေ့ငုလေ့လာကြည့်ရင် လူသားဖြစ်တည်မှုကို အဆင့်လျှော့ချတဲ့ အသုံးအနှုန်းတစ်ခုဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ရဲ့ ကိုယ်ပိုင်ဝိသေသကို မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက်က ငြင်းဆိုတာ၊ အသုံးပြုတာကိုတားမြစ်တာတွေရှိခဲ့ရာက အာရက္ခတပ်တော်အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ”ဘင်္ဂါလီ” ဆိုပြီး တရားဝင် အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရတဲ့ ရိုဟင်ဂျာလူငယ်တွေကို သုံ့ပန်းအနေနဲ့ ဖမ်းမိရာမှာလည်း ဘင်္ဂါလီအဖြစ်သုံးနှုန်းပြီး လှောင်ပြောင်ပြောဆိုတာတွေကို အာရက္ခတပ်တော်ခေါင်းဆောင်ရဲ့ (X) လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ခဲ့ရ ပါတယ်။ အခုနောက်ပိုင်းမှာတော့ အာရက္ခတပ်တော်ရဲ့ တရားဝင်ထုတ်ပြန်ချက်တချို့မှာ မွတ်စ်လင်မ်လူမျိုးဆိုတာမျိုး ပြောင်းလဲလာတာကို တွေ့ရပေမယ့် ဒါဟာ ဘာသာရေးဆိုင်ရာ အသုံးတစ်ခုသာဖြစ်တာကြောင့် ရိုဟင်ဂျာ ဆိုတဲ့ ဝိသေသလက္ခဏာအပေါ် အသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအနေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်တွေမှာ မွတ်စ်လင်လူမျိုး၊ မွတ်စ်လင်မ်ပြည်သူ ဆိုတာမျိုး ရေးသားနေစဉ်မှာ နောက်ထပ် အန္တရာယ်ကြီးတဲ့ အသုံးအနှုန်းတစ်ခုကတော့ အဆိုပါထုတ်ပြန်ချက်တွေမှာပဲ တွေ့ရတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ၊ အစ္စလာမ်မစ် အကြမ်းဖက်ဆိုတာမျိုး အသုံးအနှုန်းတွေဖြစ်ပါတယ်။ အာရက္ခတပ်တော်အနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ARSA တို့ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တာဟာ မိမိတို့ စစ်ရေး ရည်ရွယ်ချက်ဖြစ်ပေမယ့် အခုလိုအသုံးအနှုန်းတွေ သုံးစွဲခြင်းဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်၊ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ စပ်လျဥ်းပြီး မေးခွန်းထုတ်စရာတွေဖြစ်သလို မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ စုပေါင်းပြစ်ဒဏ်ပေးမှု (collective punishment) တွေဆီ ဦးတည်သွားနိုင်မလားဆိုတာ စိုးရိမ်စရာတွေရှိနေပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ၊ အချို့သော သက်သေအထောက်အထားတွေမှာ တွေ့ရှိ ရတဲ့ ရှေ့နှစ်တွေအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေမှာလည်း အလားသဏ္ဌာန်တူ (collective punishment)တွေ တွေ့ရှိရသလို မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကမ်ပိန်းတွေမှာ လည်း အဆိုပါ ARSA ကဲ့သို့ အဖွဲ့အစည်းများရဲ့လှုပ်ရှားမှုကို အကြောင်းပြချက် (excuse) အနေနဲ့ အသုံးပြုခဲ့တာကို ပြန်လည်ဆင်ခြင်မိပါတယ်။

ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆင်ခြင်သုံးသပ်စရာများ

ယမန်နှစ်အတွင်း ကာလများမှာတော့ အာရက္ခတပ်တော်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ရခိုင်မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံတာမျိုး၊ မောင်တောမြို့က ဗလီဖွင့်ပေးတာမျိုးလို လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်တဲ့အရွေ့တွေအဖြစ် အသိအမှတ်ပြုနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို လေးစားအသိအမှတ်ပြုခြင်း ဆိုရာမှာလည်း ဘာသာဝင်တစ်ဦးချင်းစီကို ကာကွယ် စောင့်ရှောက်မှုပေးဖို့နဲ့ အခြားဆက်စပ်တဲ့ အခြေခံလူ့အခွင့်အရေးတွေကိုပါ ဖော်ဆောင်ပေးနိုင်ဖို့ အရေးကြီး ပါတယ်။ အုပ်ချုပ်ရေးယန္တရားတွေမှာ ရိုဟင်ဂျာတွေ တာဝန်ထမ်းဆောင်နေကြောင်း သတင်းတွေနဲ့ အာရက္ခတပ်တော်ယူနီဖောင်းတွေနဲ့ ရိုဟင်ဂျာတွေကို သတင်းတွေမှာ မြင်တွေ့ရခြင်းကလည်း နောက်ထပ် တိုးတက်မှုတစ်ခုအဖြစ် တည်ရှိနေပေမယ့် ဥပဒေပိုင်းနဲ့ မူဝါဒပိုင်းဆိုင်ရာ အာမခံချက်တွေကို မတွေ့ရသေး တာကြောင့် အချိန်မရွေး ပြောင်းလဲနိုင်ကြောင်း စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်လွှင့်ခဲ့တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူးမှာ လူမျိုးစုအခွင့်အရေးထက် နိုင်ငံသားတစ်ဦးချင်းအခွင့်အရေးကို အလေးထားမယ် ဆိုတာမျိုး ပြောသွားတာကို သတိထားမိပြီး ဒီအချက်ဟာလည်း စနစ်တကျ ပိုင်းခြားစိတ်ဖြာရမယ့် အချက်တစ်ခု ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံးရဲ့ လက်ရှိ နိုင်ငံရေးအခင်း အကျင်းဟာ လူမျိုးစုအခွင့်အရေးတွေကို ရှေ့တန်းတင် ပြောဆိုလေ့ရှိနေတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရ တာဖြစ်ပါတယ်။ ဘယ်လိုပဲ နိုင်ငံသားအခွင့်အရေးကို ရှေ့တန်းတင်စေကာမူ “လူများစုသည် လူနည်းစုထက် သာလွန်ထူးကဲသည်” ဆိုတဲ့ အယူအဆမျိုးဟာ ပြည်သူလူထုအကြား စိမ့်ဝင်နေတဲ့အချိန် ဖြစ်တာကြောင့် ပြည်သူလူထုကနေ ဖြစ်တည်လာတဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်သားတွေအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအပေါ် ဒုတိယ/တတိယတန်းစား နိုင်ငံသားကဲ့သို့ ပြုမူဆက်ဆံတာ၊ လူသားအဖြစ်ကနေ အဆင့်လျှော့ချတဲ့ အပြုအမူတွေ ပေါ်ပေါက်မလာစေဖို့ အစီအမံများရော ရှိနေပြီလား ဆိုတဲ့မေးခွန်းတွေ ကျန်နေပါသေးတယ်။

ရိုဟင်ဂျာတွေအနေနဲ့ နောက်ထပ်ရုန်းကန်ရမယ့် အကြောင်းအရာကတော့ “လူမျိုးတုံးသတ်ဖြတ်ခံရခြင်း” အပေါ် မိမိတို့ဒေသ အာဏာပိုင်တွေထံမှ အသိအမှတ်ပြုခံရဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုမှုတွေ၊ သတ်မှတ်ကြေငြာမှုတွေ ရှိနေ သော်ငြားလည်း မြန်မာအစိုးရအဆက်ဆက်က ငြင်းဆိုခဲ့သလို ယမန်နှစ်အတွင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အထက်ပါ ဧရာဝတီအင်တာဗျူးမှာပဲ “သူတို့ (ရိုဟင်ဂျာတွေ) ဂျီနိုဆိုဒ်လုပ်ခံရတာမဟုတ်ဘဲ Non-muslim တွေသာ ဂျီနိုဆိုဒ်လုပ်ခံရတာဖြစ်တယ်” ဆိုတဲ့ ပြောကြားချက်ကလည်း အဆိုပါ ငြင်းဆိုမှုများကို မီးမောင်းထိုးပြနေပါတယ်။ ဒီလို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ငြင်းပယ်မှု၊ သေးသိမ်အောင် ပြုလုပ်မှုတွေဟာ ကျူးလွန်ခံရသူတွေ အတွက် ပြန်လည်ကုစားမှုတွေ ရရှိနိုင်ဖို့နဲ့ တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဟာလည်း ဝေဝါးနေဆဲဆိုတာကိုပါ ဆက်လက် တွေ့ရှိရပါတယ်။

ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပက်သက်တဲ့အခါမှာလည်း သက်ဆိုင်သူအသီးသီးကြားမှာ နိုင်ငံရေး စိတ်ဆန္ဒရှာဖွေဖို့ ခက်ခဲနေဆဲဖြစ်နေပြီး စစ်အုပ်စုက ဘယ်လိုပဲဆိုနေပါစေ လက်ရှိ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ အေအေနဲ့သာ ဒီကိစ္စတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူးအရ လက်ရှိ အာရက္ခတပ်တော်အနေနဲ့ တိုင်းပြည် မငြိမ်သက်သေးတာ ကြောင့် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အဆင်မပြေသေးကြောင်း ပြောဆိုချက်တွေဟာ သာမန်အား ဖြင့် လက်တွေ့ကျသယောင် ထင်ရပေမယ့် အမှန်တကယ် လက်ခံနိုင်ဖို့အတွက် ပြင်ဆင်ချက်တွေရှိရဲ့လား၊ နိုင်ငံရေးစိတ်ဆန္ဒ ဘယ်လိုရှိသလဲဆိုတာတွေဟာ အရေးထားရမယ့်အပိုင်းတွေ ဖြစ်နေပါတယ်။

မိမိဒေသကနေ ထွက်ပြေးခဲ့ရတဲ့ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အစီအမံတွေ ကြိုတင်ပြင်ဆင်ပြီး တရားဝင်ထုတ်ပြန်မလား၊ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မိမိဒေသအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးချကာ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်မလား၊ အမျိုးသားရေးအထိုင်နဲ့ သီးခြားဖြစ်တည်မှုအပေါ်မှာ ရပ်တည်မလားဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို မျှော်တလင့်လင့်နဲ့ စောင့်စားနေရဆဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအနေနဲ့ မြန်မာစစ်တပ်အလွန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရင်ဆိုင်နေရသလားဆိုတဲ့ မေးခွန်းနဲ့အတူ တရားမျှတမှုအတွက် နှောင့်နှေး အောင်ဆောင်ရွက်တာ၊ ဝိသေသလက္ခဏာအတွက် ရုန်းကန်ရဆဲဖြစ်နေတာ၊ စုပေါင်းပြစ်ဒဏ်ပေးမှု (collective punishment) တွေ ကြုံနေရပြီး ဆက်လက်ကြုံရမယ့် အန္တရာယ်ရှိနေတာ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဝေဝါးနေတာအပါအဝင် အခက်အခဲတွေအကြား မျှော်လင့်ချက်တွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရခိုင်မှာရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအနေနဲ့ တိကျသေချာတဲ့ ဥပဒေ မူဘောင် အာမခံချက်တွေနဲ့ ဒီမိုကရေစီနည်းလမ်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိခဲ့ရင်တော့ ဒီပြဿနာ တွေ ပြေလည်ကောင်းပါရဲ့လို့ မျှော်လင့်ရင်း ရခိုင်မှာ (Democratization) ဖြစ်မယ့်အချိန်ကို မျှော်လင့်မိပါတယ်။