၈၈ တွေ တာဝန်ကျေပြီလား?

၈ လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့တာ ၃၈ နှစ် ပြည့်ပါပြီ။ ၈ လေးလုံး အရေးတော်ပုံ ကာလတွေက လမ်းပေါ်ထွက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေဟာ ဒီကနေ့မှာ သက်ရှိထင်ရှား ရှိနေ သေးတယ်ဆိုရင် အသက် ၅၀၊ ၆၀ ကျော် အရွယ်တွေ ရောက်နေကြပါပြီ။ အဲဒီ ကျောင်းသားလူငယ် တွေထဲက တချို့ဟာ အကျဥ်းထောင်တွေထဲမှာ၊ တချို့ဟာ တောထဲမှာ၊ တချို့ဟာ နိုင်ငံတွင်းမှာ၊ တချို့ဟာ ပြည်ပနိုင်ငံတွေမှာ၊ တချို့ဟာ လက်ရှိ ဆင်နွှဲနေဆဲ နွေဦးတော်လှန်ရေးအတွင်းမှာ အသက် ဆုံးပါးသွားခဲ့ကြပါပြီ။ ခုချိန်ထိ သက်ရှိထင်ရှား ရှိနေသေးသူတွေထဲမှာ တချို့က နိုင်ငံရေးအကျဥ်းသားတွေအဖြစ် အကျဥ်း ထောင်တွေထဲ ရောက်နေပါတယ်၊ အကျဥ်းကျနေတာမဟုတ်တဲ့ ၈၈ မျိုးဆက်တွေထဲက အများ အပြား (ပြည်ပရောက်နေသူတွေအပါအဝင်) ဟာ နွေဦးတော်လှန်ရေးထဲမှာ၊ သတင်းမီဒီယာကဏ္ဍ မှာ၊ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စသည်ဖြင့် ကဏ္ဍအသီးသီး၊ တာဝန်အသီးသီး၊ နေရာအသီး သီးကနေ ပါဝင်နေကြသူတွေရှိသလို ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်ငံရေးနဲ့ ဝေးဝေးနေသူတွေလည်း ရှိပါတယ်။

တချို့ကတော့ သူတို့ခေါင်းကို နင်းခဲ့တဲ့ စစ်ဖိနပ်ကို အားရပါးရ စိတ်ပါလက်ပါ လျက်နေကြပါတယ်၊ (ဒီဆောင်းပါးက သူတို့အကြောင်း လူရာသွင်းရေးတဲ့ဆောင်းပါး မဟုတ်တာကြောင့် သူတို့နဲ့ ပတ်သက်ပြီး ဆက်ရေးမှာ မဟုတ်ပါဘူး။)

ဒီဆောင်းပါးခေါင်းစဥ်က မေးခွန်းထုတ်ထားတဲ့ ““၈၈ တွေ တာဝန်ကျေပြီလား?” ဆိုတာကို ပြန်ကောက်ရရင် ဆောင်းပါးရှင်ကိုယ်တိုင်က တာဝန်မကျေသေးဘူးလို့ မြင်လို့သာလျှင် မေးခွန်း ထုတ်ထားတယ်ဆိုတာ ရှင်းလင်း မြင်သာပါတယ်။ ကိုယ်တိုင်က ၈၈ မျိုးဆက် ဖြစ်တဲ့အတွက် ဒီလို မေးခွန်းထုတ်ခွင့်ရှိပါတယ်။ ကျန် ဘယ်မျိုးဆက်ကမှ ၈၈ မျိုးဆက်ကို ဒီလိုမေးခွန်းမျိုး ထုတ်ခွင့်မရှိ ပါဘူး။ အဲဒီလိုသာ မျိုးဆက်တခုက ရှေ့မျိုးဆက်တခု သို့မဟုတ် နောက်မျိုးဆက်တခုကို မေးခွန်း ထုတ်ခွင့်ရှိရင် ဘယ်မျိုးဆက်မှ မေးခွန်းထုတ်ခံရတာမျိုးနဲ့ လွတ်မှာမဟုတ်ပါဘူး။ အဲဒီတော့ ၈၈ တွေ ဒီလောက် ရင်းခဲ့ပြီးတာတောင် တာဝန်ကျေပြီလားလို့ ဘာ့ကြောင့် မေးခွန်းထုတ် တာလဲ? ရှင်းပါတယ်။ ၈၈ တွေ ဦးဆောင်ပြီး တောင်းယူ တိုက်ယူခဲ့တာတွေထဲက တပါတီ အာဏာ ရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် (အတိုင်းအတာတခုထိ) ရခဲ့တာကလွဲလို့ ကျန်တာတွေ ဘာမှ မဖြစ်မြောက်သေးပါဘူး။ ပါတီစုံ ဒီမိုကရေစီ ဆိုတာလည်း လက်ရှိမှာ ဘယ်စခန်းဆိုက်နေတယ် ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီ ရပြီလား? နတ္ထိပါ၊ လူ့အခွင့်အရေး ရပြီလား? သုညပါ။ အဲဒါတွေဟာ ၈ လေးလုံး လူထုအရေးတော်ပုံက တောင်းယူ တိုက်ယူခဲ့တဲ့ လိုလားချက်တွေပါပဲ။ အခုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ အန္ထိမ ရည်မှန်းချက်ကတော့ ၈၈ ရဲ့ လိုလားချက်တွေထက် အများကြီး အများကြီး ပိုကျယ်ပြန့်၊ပိုကြီးမားပါတယ်။ ဒါကလည်း သိပ်ကို သဘာဝကျပါတယ်။ သို့သော် အဲဒီ အန္တိမ ရည်မှန်းချက်ရဲ့ အခြေခံအုတ်မြစ်တွေဟာ ၈၈ ရဲ့ မပြည့်မီသေးတဲ့ လိုလားချက် တွေဖြစ်ပါတယ်၊ ဒါကြောင့် ၈၈ တွေ တာဝန်ကျေပြီလား? ဆိုတဲ့မေးခွန်းဟာ သိပ်ကို ကျိုးကြောင်း ဆီလျော်တဲ့ မေးခွန်းပါပဲ။ ဒီတော့ ၈၈ တွေ ဘာလုပ်ကြမလဲ? ရှင်းရှင်းလေးပါ၊ ကိုယ့်ရဲ့ မပြီးပြတ်သေးတဲ့ တာဝန်ကို ကျေပြွန် အောင် ဆက်လုပ်ကြဖို့ပါပဲ။ အခုကော လုပ်မနေကြဘူးလား? လုပ်နေကြပါတယ်၊ သို့သော် မျိုးဆက်တခုလုံးအနေနဲ့ ပြည့်စုံ လုံလောက်တဲ့ ကြိုးစား အားထုတ်မှု ရှိမနေပါဘူး။ ဒါဆို ဘာတွေ ညံ့ခဲ့တာလဲ? ဘာလုပ်သင့်တာလဲ?ညံ့ခဲ့တာတွေထဲက အဓိကလို့ ဆောင်းပါးရှင် ယူဆတာတွေကို အရင်ပြောပါမယ်။

၈၈ တွေကို စစ်အုပ်စုအဆက်ဆက်က ဖိန့်ဖိန့်တုန်အောင် ကြောက်ပါတယ်။ ကြောက်လို့လည်း မျိုးတုံးသွားအောင် နည်းပေါင်းစုံနဲ့ အစွမ်းကုန် လုပ်ခဲ့ပါတယ်။ သို့သော် ၈၈ ဟာ ခုချိန်ထိ မျိုးမတုံး သေးတဲ့အပြင် မျိုးဆက်အသစ်အသစ်တွေကို ဆက်ပြီး မွေးထုတ်နေဆဲပါ။ သို့သော် အဲဒီ မျိုးဆက် အသစ်အသစ်တွေအတွက် စံနမူနာယူလောက်တဲ့၊ လူငယ်စကားပြောရရင် ဖြုံလောက်တဲ့ လုပ်ရပ် တွေ မပြနိုင်ခဲ့ပါဘူး၊ အဲဒါ က ညံ့ဖျင်းချက်တခုပါ။

၈၈ တွေကို စစ်အုပ်စုအဆက်ဆက်က ဖိန့်ဖိန့်တုန်အောင် ဘာကြောင့် ကြောက်တာလဲ? သူတို့ကို မျိုးပြုတ်လုနီး မျိုးဖြုတ်ခဲ့လို့ပါ၊ ‘နိုင်ငံရေး ဝိတ်’ (Political Leverage) သိပ်ကြီးလို့ပါ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈ ငြိမ်းပွင့်) မှာ ဦးဆောင်သူတွေ၊ ပါဝင်သူတွေကို ထောင်ထဲမှာတင် သေသွားလောက်တဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချ၊ ထောင်မချသူတွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ နာလန်မထူနိုင်အောင် လုပ်ခဲ့တာက သက်သေပါပဲ။ ဒီနေရာမှာ ‘နိုင်ငံရေး ဝိတ်’ ဆိုတာကို တယောက်တဖွဲ့အနေနဲ့ ပြောတာမဟုတ်ဘဲ ၈၈ မျိုးဆက်ဆိုတဲ့ မျိုးဆက်တခုလုံးအနေနဲ့ ပြောတာပါ။ ၈၈ တွေက သူတို့မှာရှိတဲ့ အဲဒီ ‘နိုင်ငံရေး ဝိတ်’ ကို မျိုးဆက်တခုလုံးအနေနဲ့ ထိထိ ရောက်ရောက် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း တာဝန်မကျေခဲ့တာပါ။ အဲဒါက ညံ့ဖျင်းချက် တခုပါ။

၈၈ မျိုးဆက်ဟာ သူ့ရှေ့အစဥ်အဆက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မျိုးဆက်အသီးသီးရဲ့ တော်လှန်အမွေကို ဆက်ခံပါတယ်။ စစ်အာဏာသိမ်းမှုကနေ ပေါ်လာခဲ့တဲ့ တပါတီအာဏာရှင်စနစ် ကို အမြစ်ဖြုတ်ခဲ့ပါတယ်။ တနိုင်ငံလုံးအနှံ့အပြား မျိုးဆက်ဝင်တွေရဲ့ စုပေါင်းအား သိပ်ကြီးမားပါ တယ်။ မြန်မာနိုင်ငံ တနံတလျားမှာ ၈၈ မျိုးဆက်မရှိတဲ့ အရပ်ဒေသ မရှိသလောက်ပါပဲ။ မျိုးဆက် တခုအနေနဲ့ပြောရရင် သိပ်ကို ကြီးမား ကျယ်ပြန့် အားကောင်းတဲ့ မျိုးဆက်တခုဖြစ်ပါတယ်။ သို့သော် အဲဒီ ကြီးမား ကျယ်ပြန့်အားကောင်းမှုကို ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုတခုအဖြစ် မစုစည်းနိုင်ခဲ့တာ က ညံ့ဖျင်းချက်တခုပါ။ ညံ့ဖျင်းချက်တွေထဲက ဆောင်းပါးရှင် မြင်တဲ့ အဓိက ညံ့ချက်တွေကို ဒီနေရာမှာရပ်ပြီး ဘာလုပ်သင့် တာလဲ? ဆိုတာကို ဆက်ပါမယ်။

မြန်မာနိုင်ငံရဲ့ အရေးကိစ္စ အရပ်ရပ်ထဲမှာ ၈၈ တွေ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်တဲ့၊ မကိုင်တွယ် နိုင်တဲ့၊ တိုးတက်အောင်မလုပ်နိုင်တဲ့ အရေးကိစ္စ မရှိသလောက်ပါပဲ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည် ကြိုက်တာ လာခဲ့ပါ၊ မဖြေရှင်းနိုင်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် ၈၈ တွေ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်တဲ့ အရေးကိစ္စ ရှိပါတယ်။ အဲဒါက လူမျိုးစုအရေးနဲ့ ဖက်ဒရယ်အရေးပါ။ ဒီအရေးကိစ္စကတော့ ၈၈ တစုတဖွဲ့ထဲအနေနဲ့ မဖြေရှင်းနိုင်ဘဲ မျိုးဆက်တခု လုံးရဲ့ စုစည်းမှုအားနဲ့ပဲ ဖြေရှင်းနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ၈၈ မျိုးဆက်မှာ ဒေါ်အောင်ဆန်း စုကြည်လို တယောက်ယောက် ရှိမနေလို့ပါ။ သို့သော် မျိုးဆက်တခုလုံးရဲ့ ပေါင်းစုအင်အားနဲ့ဆိုရင် အဲဒါကိုလည်း ကိုင်တွယ်နိင်ပါတယ်။ တဦးတယောက် တစုတဖွဲ့တည်း လူစွမ်းကောင်း လုပ်ချင်လို့ တော့ မရဘူးပေါ့။ ဒီလိုပြောလို့ ၈၈ မျိုးဆက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဖို့ ပြောတယ်လို့ အဓိပ္ပါယ် ကောက်ရင်တော့လည်း ဉာဏ်နည်းလှချည့်လို့ ပြန်ပြောရုံအပြင် ပြောစရာ မရှိပါဘူး။

၈၈ မျိုးဆက်တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ ‘နိုင်ငံရေး ဝိတ် (Political Leverage)’ ကို မျိုးဆက်တခုလုံး အနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ‘လွယ်သလား ခက်သလား ရာမ’ ဆိုရင် ရာမ ငိုသွားလောက်ပါတယ်။ သို့သော် မကျေပြွန်သေးတဲ့ တာဝန်ကို ကျေပြွန်အောင်သာ ထမ်းဆောင်နိုင်ရင် မြန်မာပြည်ရဲ့ နောင်မျိုးဆက်အသီးသီး ဘယ်လို အာဏာရှင်မျိုးအောက်မှာမှ မနေရဘဲ ကမ္ဘာမှာ ခေါင်းမော့ ရင်ကော့နိုင်တဲ့ နိုင်ငံသားတွေ ဖြစ်လေမဟဲ့ ဆိုတဲ့ စိတ်တခုထဲနဲ့တင် ကြိုးစားရကျိုး နပ်ပါတယ်။ ၈၈ တွေ တာဝန်ကျေပြီလား ဆိုတဲ့မေးခွန်း ဘယ်တော့မှ ထပ်မေးခံရ တော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဘာလုပ်ကြမလဲ? ဒါက လက်တွေ့ အလုပ်ပါတဲ့ မေးခွန်းပါ။ ဆောင်းပါးရှင်အနေနဲ့က တော့ ၈၈ တွေအနေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးအင်အားစုတခုအဖြစ် စုစည်း တည်ဆောက်ပြီး မကျေပြွန် သေးတဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ပဲလို့ မြင်ပါတယ်။

ဘယ်က စကြမလဲဆိုရင် ၈၈ တွေ (စုနိုင်သလောက်၊ လူကိုယ်တိုင်၊ အွန်လိုင်း နည်းလမ်းပေါင်းစုံ) စုဝေးပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်အပေါ် မကွယ်မဝှက်တမ်း၊ အချိုပေါ် သကာ မဖုံးစတမ်း ပကတိအတိုင်း သုံးသပ် ဆွေးနွေးတာမျိုး အရင်လုပ်ပါ။ အဲဒီပွဲမှာ ၈၈ တွေ ဘာလုပ်သင့် သလဲဆိုတဲ့ အဆိုပြုချက်တွေကိုလည်း ရယူ စုဆောင်းပါ။ အဲဒီအဆိုပြုချက်တွေထဲက ဘုံတူတာ တွေကို ဆွဲထုတ်ပြီး ခိုင်မာတဲ့ စုစည်းမှုတခု တည်ဆောက်ပြီးတော့ အကောင်အထည်ဖော်ပါ။

အဓိက ဦးတည်ရမှာကတော့ ၈၈ မျိုးဆက်ရဲ့ ‘နိုင်ငံရေးဝိတ်’ နဲ့ မြန်မာပြည်ရဲ့ အဆုံးမသတ်နိင်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အာင် ကြိုးစားဖို့ပါပဲ။ ‘လွယ်သလား ခက်သလား ရာမ’ ဆိုရင် လွယ်မှတော့ ဒီဆောင်းပါးတောင် လူကြီးမင်း ဖတ်နေရမှာ မဟုတ်ပါဘူး။ ၈၈ မျိုးဆက်ကမှ ဉာဏ်ကြီးကြီး၊ ရင်ဘတ်ကြီးကြီး၊ ဦးနှောက်ကြီးကြီးနဲ့ မလုပ်နိုင်ရင် လာမယ့် မျိုးဆက်တွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက် မျောကြရုံပေါ့။ နောင်လာမယ့် မျိုးဆက်အသီးသီး စစ်ဖိနပ်အောက်မှာ လူညွန့် တုံးသထက်တုံးပြီး ဘယ်တော့မှာ လူမွေးလူရောင် မပြောင်မယ့်အဖြစ်နဲ့ စာရင်တော့ ၈၈ မျိုးဆက် တံတွေးခွက်ထဲမှာ ပက်လက်မျောတာက တော်ပါသေးတယ်။