ဖွံ့ဖြိုးရေးဟု ဆိုရာဝယ်
ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့’ ဆိုသောစကားကို ကျွန်ုပ်တို့ မကြာခဏ ကြားဖူးပါသည်။ တခါတရံ ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာလည်း တွေ့ဖူးကြသည်။ သို့သော် ၎င်းစကားလုံးကို မြစ်ဖျားခံကြည့်ရာ ဖွံ့ဖြိုးရေး (development ) ဟု အဓိပ္ပါယ် သက်ရောက်ပါ သည်။
နှစ်ပေါင်းများစွာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ခံရသော နိုင်ငံများသည် ဖွံဖြိုးရေးဟူသော စကားကို တလွဲ အဓိပ္ပါယ်ကောက်ကြသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်တွင် ဒေသအတွင်း အခြေခံအဆောက်အအုံများ အစုလိုက်အပြုံလိုက် ထောင်တက်လာခြင်းကိုသာ ဆိုလိုကြသည်။ လမ်းများခင်းသည်၊ မီးများသွယ်သည်၊ အဆောက်အဦးအသစ်များ ဆောက်သည်ကိုသာ ဖွံ့ဖြိုးရေး ဟု ၎င်းတို့ တွေးထင်မိကြသည်။ အမှန်တကယ်အားဖြင့် ရေသွယ်၊ မီးသွယ်ခြင်းသည် ဖွံ့ဖြိုးရေး မဟုတ်၊ ဒေသတစ်ခု၏ လိုအပ်ချက်ပင်ဖြစ်သည်။ သို့သော် ထိုသို့သောလိုအပ်ချက်များကို မပြည့်စုံ အောင် အစိုးရများ၊ စနစ်များက လုပ်ထားသောအခါ ၎င်း ပရောဂျက်ကလေးများဖြင့် ကျေးလက် တောရွာများသို့ ရောက်သွားလျှင်ပင် စီမံကိန်းကိုင်သူများ၊ အရာရှိများက မိမိကိုယ်ကို ကယ်တင်ရှင် ကြီးဟူ၍ သွေးနားထင်ရောက်ခဲ့ကြသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်ကို ပြန်ကြည့်ပါ။ ဖွံ့ဖြိုးရေးဟူသော ခေါင်စဉ်အောက်မှလုပ်သော စီမံကိန်းများတွက် အဆင့်ဆင့်လာဘ်စားမှုများ၊ အလေအလွင့်များစွာ ကြုံခဲ့ရသည်။ ၎င်းတို့ကို အစိုးရက တဖုံ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှတနည်း ပြုလုပ်ခဲ့ကြသည်များလည်းရှိသည်။ ၎င်းတို့က ဖွံ့ဖြိုးရေး ဟု ဆိုသည်။ သို့သော် လက်လှမ်းမီမှုနှင့် ဒေသဆိုင်ရာ အတွေးအခေါ်များကိုမူ လျစ်လျူရှုခဲ့ကြ သည်။ ရေကာတာများ ဆောက်ကြသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ၎င်းတို့ ရည်ရွယ်သော ပြောစကားများရှိပါသည်။ ဥပမာ ဒေသတွေဟာ ခေါင်သည်၊ ဒေသတွေဟာ ဖွံ့ဖြိုးမှု အားနည်းသည်၊ မီးရဖို့ခက်ခဲသည်၊ အလုပ်အကိုင်ရှားပါးသည် စသည်ဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် ရေကာတာများကို ထိုဒေသမှာ ဆောက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးစီးမံ ကိန်းများကို တစတစ အကောင်အထည်ဖော်ကြရမည် ဟူ၍ဖြစ်သည်။
မနှစ်က သတင်းတခုတွင် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်စဖို့ အသက်သွင်းရာတွင် ထိုသို့သော အကြောင်းကိုသာ တသွင်သွင်ပြောသွားသည့် တာဝန်ရှိသူတစ်ဦးကိုပင် အမှတ်ရမိပါသည်။ တစ်နိုင်ငံလုံး မီးရဖို့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူ၍ဖြစ်သည်။ သို့သော် ၎င်းသည် တရုတ်နိုင်ငံနှင့် မြန်မာခရိုနီတို့ကြားမှ အကျိုးစီးပွားတစ်ခုထက် မပိုပေ။
ထို့ကြောင့် ဖွံ့ဖြိုးရေးတို့ လမ်းဆုံရာသည် ဒေသလူထု၏ အကျိုးမဟုတ်ပဲ လူတစ်စု၏ အကျိုး စီးပွားနှင့် ထမင်းဝိုင်းတွင်သာ ဖြစ်နေကြသည်။ ဖွံ့ဖြိုးရေးဟု ခေါ်ဆိုရာတွင် လူမှုသိပ္ပံဘာသာရပ် အရ ခေတ်မီမှုတခုတည်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ပဲ မညီမျှမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးများ ပါဝင်ပါသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ရွှေတူးကြသည်၊ မြစ်ချောင်းများ ညစ်ညမ်းရသည်။ ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်အောက်တွင် ဆည်များ ဆောက်ကြ သည်၊ ဂေဟစနစ်များ ပျက်သုဥ်းမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းကြရသည်။ ၎င်းကိုပင် ဆည်ကြီး ပြီးပြီဟုဆိုတာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြသည်များကို လွန်ခဲ့သောနှစ်များက တီဗီအစီအစဉ် ပေါ်တွင် မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။
ဖွံ့ဖြိုးရေးသည် ၎င်းတို့အလိုရှိသလို ကွေးလို့ဆန့်လို့ရသော သဘောတရားတွင်သာ လမ်းဆုံးနေပေ သည်။ Amartya Sen (အမတရာ ဆင်း) ကပြောခဲ့သည်။ ဖွံ့ဖြိုးရေးဟုဆိုရာတွင် လူသားတို့၏ ဖွံ့ဖြိုးမှု (Human Develpment) ကိုပါ ကျွန်ုပ်တို့ ထည့်စဉ်းစားရပေမည်။ သို့သော် ထို လူသား ဖွံ့ဖြိုးရေးကို လုပ်ရာတွင် ဒေသတွင်းမှ ဌာနေလူထုအတွက် လုပ်ရုံဖြင့်ပင် မလုံလောက်တော့ပါ။ ဖွံ့ ဖြိုးရေးကို အဓိပ္ပါယ်ကောက်လွဲနေသော မူဝါဒချမှတ်သည့် အခွင့်အာဏာရှိသူများ၏ ဦးနှောက်နှင့် နှလုံးသားများပါ ဖွံ့ဖြိုးလာဖို့ လိုပြီဟုထင်သည်။
