နိုင်ငံမဲ့ဖြစ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အနာဂတ်တွေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာတိမ်းရှောင် လာခဲ့ရသူတွေ ထဲမှာ အာဏာရှင်ကိုဆန့်ကျင်တဲ့ CDM ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံရေးဆက်နွယ်သူတွေ အများအပြား ပါဝင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အခြေကျနေပြီးသား အလုပ်အကိုင်၊ လူမှု အသိုင်းအဝိုင်းနဲ့ မိသားစုဆွေမျိုးတွေကို စွန့်လွှတ်ပြီး နယ်စပ်မျဉ်းကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့သူ တွေ ဖြစ်ပါတယ်။ ခေတ္တခိုလှုံရာ ထိုင်းနိုင်ငံအတွင်းမှာ စီဒီအမ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ နိုင်ငံသားဆိုင်ရာအခွင့်အရေးနဲ့ အနာဂတ် အလားအလာတွေကို ဒီဆောင်းပါးမှာ တင်ပြချင်ပါတယ်။

လက်ရှိအခြေအနေတွေအရ အဲဒီကလေးတွေဟာ ဘယ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ်မှ မှတ်ပုံတင်ခွင့်မရ တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အပိုဒ် ၅ အရ မိဘ နှစ်ပါးလုံးက မြန်မာနိုင်ငံသားဖြစ်ရင် သားသမီးတွေလည်း နိုင်ငံသားဖြစ်ခွင့်ရှိပေမယ့် အပိုဒ် ၁၀ အရ နိုင်ငံရပ်ခြားမှာ မွေးဖွားတဲ့အခါ တစ်နှစ်အတွင်း မွေးစာရင်းကို သံရုံးကတဆင့် မှတ်ပုံတင်ဖို့ လိုအပ်ပါ တယ်။ ဒါပေမယ့် စစ်တပ်ကိုဆန့်ကျင်ခဲ့သူ နိုင်ငံရပ်ခြားရောက်နေတဲ့ မိဘတွေအတွက် အဲဒီလုပ်ငန်း စဉ်က လုံးဝနီးပါး မဖြစ်နိုင်တဲ့ အခြေအနေပါ။

ဒီလုပ်ငန်းစဉ်အတွက် မိဘနှစ်ပါးလုံးရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (citizenship scrutiny card) နဲ့ နိုင်ငံကူးလက်မှတ် (passport) တွေ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့မိဘတွေက အာဏာရှင် “အလိုရှိသူ” တွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (citizenship scrutiny card) ကို သံရုံးမှာပြပြီး မွေးစာရင်း မှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ သံရုံးကို ဆက်သွယ်ဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ စိုးရိမ်မှုတွေ အများကြီး ရှိနေပါတယ်။ စစ်တပ်ရဲ့ ကန့်သတ် မှုတွေ၊ ပိတ်ပင်တားဆီးမှုတွေကြောင့် CDM တွေနဲ့ တက်ကြွလှုပ်ရှားသူအများစုဟာ နိုင်ငံကူး လက်မှတ် (passport) မရှိကြပါဘူး။ သံရုံးတွေဟာ စစ်အာဏာရှင်တွေရဲ့ လက်အောက်ခံဖြစ်တာ ကြောင့် ကလေးမွေးဖွားမှုကို မှတ်ပုံတင်ဖို့ အလွန်ခက်ခဲပါတယ်။ မိဘတွေက နိုင်ငံရေးလှုပ်ရှုားမှုမှာ ပါဝင်နေတာကြောင့် ကလေးတွေ နိုင်ငံသားဖြစ်ခွင့်အပေါ် အတားအဆီး ဖြစ်နေတာပါ။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံသားစာရင်းထဲမှာ အဲဒီကလေးတွေ ပါဝင်ဖို့ မလွယ်ကူပါဘူး။

ဒီကလေးငယ်တွေဟာ ဥပဒေအရ တရားဝင်အထောက်အထား မပြည့်စုံတဲ့ကလေးတွေ (children in liminal legality) ဖြစ်လာကြပါတယ်။ သူတို့မှာ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားတဲ့ မွေးစာရင်း (birth certificate) မရှိသလို ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသားအဖြစ်လည်း အသိအမှတ်ပြု မခံရပါဘူး။ ထိုင်းနိုင်ငံမှာ မွေးဖွားခြင်းတစ်ခုတည်းနဲ့ ထိုင်းနိုင်ငံသားဖြစ်ခွင့် အလိုအလျောက် မရပါ ဘူး။ ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို သက်ဆိုင်ရာနိုင်ငံသားဥပဒေနဲ့ မိဘတွေရဲ့ နိုင်ငံသားဖြစ်မှု၊ နေထိုင်ခွင့် အခြေအနေတို့ပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ဖို့ အခက်အခဲ ကြုံနေရသလို ထိုင်းနိုင်ငံသားဖြစ်ခွင့်မှာလည်း ဥပဒေဆိုင်ရာ အတားအဆီးတွေ ရှိနေပါ တယ်။ ဒါကြောင့် ကလေးတွေဟာ နိုင်ငံမဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမှာ ရောက်နေပါတော့တယ်။

အာဆီယံနိုင်ငံတွေက နိုင်ငံသားဖြစ်မှုအတွက် jus sanguinis principle ဆိုတဲ့ မိဘနဲ့ သွေးသား တော်စပ်မှုအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တဲ့အလေ့အထကို ကျင့်သုံးကြတာပါ။ ထိုင်းနိုင်ငံမှာ မွေးဖွား တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ ဒီနယ်နိမိတ်ထဲမှာ မွေးဖွားတာဖြစ်သော်လည်း ထိုင်းနိုင်ငံသားဥပဒေ ပုဒ်မ ၇ နဲ့ ၇ bis အရ နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိပါဘူး။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အချက်အလက်များအရ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံမဲ့သူပေါင်း ၅၉၆,၆၇၂ ဦးရှိပြီး အဲဒီထဲမှာ ကလေးသူငယ် ၁၇၉,၉၇၃ ဦးအထိ ပါဝင်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ ထိုင်းအစိုးရကနေ နိုင်ငံအတွင်း နှစ်ကာလကြာရှည် နေထိုင်ခဲ့တဲ့ နိုင်ငံမဲ့သူ ၄၈၃,၀၀၀ ကို နိုင်ငံသား ပေးဖို့ စိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အဲဒီထဲမှာ ကလေးသူငယ် ၁၄၂,၀၀၀ ဦး ပါဝင်ပါ တယ်။ ဒီစာရင်းတွေက ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတွေအတွက်သာဖြစ်ပြီး လက်ရှိ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ မပါဝင်သေးပါဘူး။

ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်အထိ မြန်မာနိုင်ငံသား မိခင်တွေကနေ ကလေးပေါင်း ၁၃၁,၈၆၀ မွေးဖွားခဲ့ပါတယ်။ အဲဒီအရေအတွက်ထဲမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မိဘ တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မဖြစ်မနေ ရွှေ့ပြောင်းလာရတဲ့ ကလေးသူငယ် ဘယ်နှယောက် ပါတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ ဒီထဲက ကလေးငယ် ဘယ်နှယောက်များ မြန်မာ မွေးစာရင်း၊ မှတ်ပုံတင်၊ ပတ်စပို့ ရနိုင်ကြပါမလဲ။

ဒီကလေးတွေဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ ဥပဒေဆိုင်ရာအထောက်အထား မရနိုင်တဲ့အခြေအနေမှာ ရှိနေရင် သူတို့ရဲ့အခွင့်အရေးတွေ အများကြီးဆုံးရှုံးသွားမှာပါ။

ပညာရေး - ဒီကလေးတွေဟာ ထိုင်းနိုင်ငံမှာ ကျောင်းနေခွင့်ရဖို့ ခက်ခဲပါတယ်။ ရခဲ့ရင်တောင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူဖို့ အခက်အခဲတွေ ရှိပါတယ်။

ကျန်းမာရေး - တရားဝင် ကျန်းမာရေးအာမခံ မရှိသလို ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူဖို့လည်း အခက်အခဲတွေ ရှိပါတယ်။

အလုပ်အကိုင် - အရွယ်ရောက်လာတဲ့အခါ တရားဝင် အလုပ်လုပ်ခွင့် မရှိခြင်း၊ အလုပ်သမား အခွင့် အရေးတွေ ဆုံးရှုံးခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပါ။

သွားလာလှုပ်ရှားမှု - နိုင်ငံကူးလက်မှတ်မရှိတာကြောင့် နိုင်ငံတကာ ခရီးသွားလာခွင့် မရခြင်း၊ နယ်စပ်ဖြတ်သန်းခွင့်မရှိခြင်း စတဲ့အခက်အခဲတွေ ရှိပါတယ်။

လူမှုရေးအခွင့်အရေး - လူ့အဖွဲ့အစည်းအတွင်း တရားဝင်အသိအမှတ်ပြု မခံရခြင်း၊ မဲပေးခွင့်မရှိခြင်း၊ နိုင်ငံရေးပါဝင်ခွင့်မရှိခြင်း စတဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“မိမိ ဘယ်သူလဲ” ဆိုတဲ့ သွင်ပြင်လက္ခဏာ (identity) ပျောက်ဆုံးနေမှု၊ လူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့် မရှိတဲ့ ခံစားချက်၊ အနာဂတ်အတွက် မသေချာ မရေရာမှုတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်မှု ပျောက်ဆုံးနေသူတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရတဲ့အခါ အကာအကွယ်ပေးနိုင်မယ့် ဥပဒေရေးရာ အကူအညီတွေ ကင်းမဲ့တတ်တာမို့လို့ တရားမျှတမှုရဖို့လည်း ခက်ခဲပါတယ်။ နိုင်ငံမဲ့သူတွေဟာ လူကုန်ကူးခြင်း (human trafficking)၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း (drug trafficking)၊ လက်နက် မှောင်ခိုရောင်းဝယ်ခြင်း (arms trafficking) စတဲ့လုပ်ငန်းတွေမှာ အသုံးချခံရမှု (exploitation) တွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုအန္တရာယ်တွေနဲ့ တွေ့ကြုံရတဲ့အခါ သူတို့မှာ တရားဝင်အထောက်အထား မရှိတာကြောင့် သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေကို တိုင်ကြား နိုင်ဖို့၊ အကူအညီတောင်းခံနိုင်ဖို့၊ မိမိအခွင့်အရေးအတွက် တောင်းဆိုနိုင်ဖို့ ကြီးမားတဲ့အခက်အခဲတွေ ရှိနေပါတယ်။

ဒီကိစ္စမှာ ဘယ်သူတွေ တာဝန်ရှိသလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။ ပထမဆုံးကတော့ စစ်ကောင်စီပါ။ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေအပါအဝင် နိုင်ငံရေး အရ သူ့ကို ဆန့်ကျင်သူတွေကို “ပြစ်မှုကျူးလွန်သူ” အဖြစ် သတ်မှတ်ထားပါတယ်။ တပ်ချင်ရာပုဒ်မ တွေ တပ်ထားသလို blacklist အမည်မည်းစာရင်း ထည့်သွင်းထားတာလည်း အများအပြားပါ။ မိဘတွေက သူတို့သားသမီးတွေရဲ့ နိုင်ငံသားဖြစ်မှုအတွက် လက်ရှိနေထိုင်ရာနိုင်ငံရဲ့ စစ်ကောင်စီ လက်အောက်ခံ သံရုံးကို မဖြစ်မနေသွားဖို့ လိုအပ်ပါတယ်။ ဒီလိုအခြေအနေတွေက အခုမွေးဖွားလာ တဲ့ ကလေးငယ်တွေရဲ့ နိုင်ငံသားဖြစ်မှုအခွင့်အရေးကို အလှမ်းဝေးသွားစေပါတယ်။ ဒါဟာ ကလေး သူငယ်တွေရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ရပ်တစ်ခုပါ။ နောက်တစ်ချက် အတားအဆီး က မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေပါ။ ဥပဒေပါ တချို့အချက်အလက်တွေကို ခေတ်ကာလနဲ့ ကိုက်ညီ အောင် ပြုပြင်သင့်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ခေတ်ကာလနဲ့ မကိုက်ညီတော့ဘဲ နိုင်ငံ သား ဖြစ်သင့်သူတွေအတွက် လုံလောက်တဲ့အာမခံချက် ပေးမထားပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း အခုကိစ္စကို နှစ်နိုင်ငံကြားက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြဿနာ (immigration issue) သို့မဟုတ် ရွှေ့ပြောင်းသွားလာသူတွေအရေးကိစ္စ (migration issue) အဖြစ်သာ မမြင်ကြဘဲ ကလေးတွေရဲ့ နိုင်ငံသားဖြစ်မှုကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်အဖြစ် ရှုမြင်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကို တွန်းအားပေးဖို့ လိုပါတယ်။

၂၀၂၁ ခုနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံရောက် နိုင်ငံရေးလှုပ်ရှားသူတွေကနေ မွေးဖွားလာတဲ့ ကလေး သူငယ်တွေဟာ နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထားနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို မုချ ကြုံတွေ့ရမှာပါ။ လိုအပ်တဲ့ မွေးစာရင်းမှတ်ပုံတင်တာမျိုး မလုပ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးများနဲ့ မဆက်သွယ်နိုင်ခြင်းတွေကနေ ဒီကလေးငယ်တွေဟာ နိုင်ငံသားဖြစ်မှု မခိုင်မာတဲ့ သို့မဟုတ် အထောက်အထား မရှိတဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သူတို့ကိုယ်တိုင်က နိုင်ငံသားဖြစ်မှု ပျောက်ဆုံးနေသူများအဖြစ် ကြီးပြင်းလာရင် နောက်ဆက်တွဲ သူတို့ရဲ့သားသမီးတွေလည်း အလားတူ အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ မှန်ကန်သော ဖြေရှင်းမှုတွေ မရှိခဲ့ရင် နိုင်ငံသားအဖြစ် ဆုံးရှုံး ခြင်းကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဆက်လက် ကြုံတွေ့နေရမယ့် အခြေအနေထိ ဦးတည် သွားနိုင်ပါတယ်။ နောက်ခံအကြောင်းတရားတွေအားလုံး ထပ်တူထပ်မျှ မတူညီသော်လည်း မြန်မာ နိုင်ငံရဲ့ ရိုဟင်ဂျာကိစ္စနဲ့ ဆင်တူတဲ့ နိုင်ငံသားမဲ့နေတဲ့သူတွေ ထိုင်း-မြန်မာနယ်စပ်မှာ ကြီးထွားလာ မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေတစ်ရပ်ပါ။

ဒီကိစ္စရပ်ကို ဖြေရှင်းဖို့အတွက်က အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရေတို ဖြေရှင်းနည်းနဲ့ ရေရှည်ဖြေရှင်းနည်းတွေကို ပေါင်းစပ်အသုံးပြုရမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဥပဒေကို ခေတ်ကာလနဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံရပ်ခြားမှာ မွေးဖွားတဲ့ ကလေးများ အတွက် နိုင်ငံသားအခွင့်အရေးရရှိဖို့ ပြုပြင်ရေးလမ်းကြောင်းများ ဖန်တီးဖို့ လိုအပ်ပါတယ်။ လက်တလောမှာ ကလေးငယ်တွေ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမသွားအောင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားများရဲ့ သားသမီးတိုင်းအတွက်၊ အထူးသဖြင့် စစ်ကောင်စီကို နိုင်ငံရေးအရ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ မိဘတွေရဲ့ သားသမီးတွေအတွက် မွေးစာရင်းထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို ရေတိုလုပ်ငန်းကနေ နောက်ပိုင်းမှာ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုယန္တယားတွေနဲ့ ပြန်လည် ချိတ်ဆက် စာရင်းသွင်းပြီး နိုင်ငံသားဖြစ်မှုအတွက် အာမခံချက် ပေးနိုင်ရမှာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံသားမိဘတွေရဲ့သားသမီးတွေ နိုင်ငံသားမဲ့မှု ဖြစ်ရပ် တွေနဲ့ပတ်သတ်ပြီး ကူညီပေးရမှာပါ။ အရေးကြီးတာက ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေ ရတဲ့ မိဘအများစုက သူတို့ရဲ့သားသမီးများ နိုင်ငံမဲ့ဖြစ်နိုင်တဲ့အန္တရာယ်ကို သေချာ မသိကြပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအထိတော့ ဒီလို နိုင်ငံသားဖြစ်မှု ဆုံးရှုံးသွားမယ့် ကိစ္စရပ်တွေအကြောင်း အလေးအနက် ထားပြီး အသိပညာပေးတာတွေ သိပ်မတွေ့ရပါဘူး။ ကိုယ့်သားသမီးတွေ နိုင်ငံသားဖြစ်မှု ပျောက်ဆုံး ကုန်မယ့်ကိစ္စက နိုင်ငံနဲ့ချီ၊ မျိုးဆက်နဲ့ချီပြီး သက်ရောက်မယ့် အထွေထွေပြဿနာပါ။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ အလုပ်သမားအရေး စသဖြင့် ကဏ္ဍအစုံမှာ သက်ရောက်မှာပါ။

နိုင်ငံရေးအရ စစ်တပ်ကို ဆန့်ကျင်ခဲ့တဲ့ မိဘတွေရဲ့ ကလေးငယ်တွေဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းရဲ့ မမြင်သာတဲ့ သားကောင်တွေ ဖြစ်ပါတယ်။ မိဘတွေအပေါ် အာဏာရှင်ရဲ့ ဖိနှိပ်မှု တွေကြောင့် သူတို့ရဲ့ မွေးဖွားမှုကို တရားဝင် မှတ်ပုံတင်ဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ကို အထောက်အထားပြု ဖို့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒီကလေးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ဟာ မိဘတွေရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး ဆုံးရှုံးမသွားသင့်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) အပိုဒ် ၇ အရ ကလေးတိုင်းဟာ နာမည်နှင့် နိုင်ငံသားအခွင့်အရေးရရှိခွင့် ရှိပါတယ်။

ဒီအခွင့်အရေးကို ကာကွယ်ပေးတယ်ဆိုတာ ကလေးတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးတာဖြစ်သလို ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကိုပါ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒီကလေးတွေရဲ့ နစ်နာမှုကို အသိအမှတ်ပြုပြီး သူတို့ရဲ့ အခွင့်အရေးအတွက် အသံထုတ်ပြောဆိုဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်ကလေးမှ မိဘတွေရဲ့ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံသားဖြစ်ခွင့်နဲ့ အထောက်အထားတွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ကြီးပြင်းမလာသင့်ပါဘူး။ သူတို့ရဲ့အနာဂတ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ပါ။