အချည်းနှီးဖြစ်နေရသည့် ပေးဆပ်မှုများ -မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ပျောက်ကွယ်လုနီး Identity”

“နိုင်ငံတစ်နိုင်ငံအတွက် သွေးဖြင့် ပေးဆပ်ခဲ့သူတွေဟာ အဲဒီနိုင်ငံရဲ့ သမိုင်းထဲမှာ အမည်မဲ့ ပျောက်ကွယ်သွားရမယ့်သူတွေ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေး သမိုင်းကို ပြန်လည်ကြည့်ရှုမည်ဆိုပါက တိုင်းရင်းသားလူမျိုးများနှင့် လူနည်းစု အသိုင်းအဝိုင်းများစွာ ၏ သွေး၊ ချွေးနှင့် အသက်ပေးဆပ်မှုများကို တွေ့မြင်နိုင်ပါသည်။ ထိုအသိုင်းအဝိုင်းများအနက် မြန်မာ ပြည်ဖွား ဂေါ်ရခါးတို့၏ သမိုင်းနှင့် ပေးဆပ်မှုများသည်လည်း မေ့လျော့ထား၍မရသော အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ သို့သော် ယနေ့ မေးခွန်းထုတ်ရမည့် အရာတစ်ခု ရှိလာပါသည်။ “မြန်မာပြည် အတွက် ပေးဆပ်ခဲ့ကြသော ဂေါ်ရခါးတို့၏ အမည်နှင့် Identity ကို မြန်မာ့သမိုင်းထဲတွင် ဘယ်သူက ထိန်းသိမ်းပေးမည်နည်း?”

သမိုင်းထဲတွင် ပါဝင်ခဲ့သော်လည်း မှတ်တမ်းထဲတွင် ပျောက်ကွယ်လာသူများ

မြန်မာပြည်ဖွား ဂေါ်ရခါးများသည် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ၊ ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ် တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသူများ ဖြစ်ပါသည်။ ထို့အပြင် လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း မိမိတို့တတ်စွမ်းသမျှ ပါဝင်ခဲ့ကြ ပြီး နိုင်ငံကို အတူတကွ တည်ဆောက်ခဲ့ကြသူများဖြစ်သည်။ သို့သော် နိုင်ငံတော်အတွက် ပေးဆပ်ခဲ့မှု နှင့် နိုင်ငံတော်၏ တရားဝင် အသိအမှတ်ပြုမှုတို့သည် အမြဲတမ်း တပြေးညီ မဖြစ်ခဲ့ပါ။ တစ်ဘက်တွင် နိုင်ငံအတွက် ပေးဆပ်ခဲ့ကြပြီး တစ်ဘက်တွင် မိမိတို့၏ ကိုယ်ပိုင် အမျိုးသားရေးအမှတ်သညာကို ထိန်းသိမ်းရန် ရုန်းကန်ခဲ့ကြရသည်။ ဤ ဆန့်ကျင်ဘက်ဖြစ်ရပ်သည် ယနေ့ ဂေါ်ရခါးအသိုင်းအဝိုင်း၏ အကြီးမားဆုံး သမိုင်းဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခု ဖြစ်လာနေပါသည်။

Identity တစ်ခုကို မည်သို့ ပျောက်ကွယ်စေခဲ့သနည်း

Identity တစ်ခု ပျောက်ကွယ်ခြင်းသည် လူတစ်ယောက်ချင်းစီက မိမိလူမျိုးအမည်ကို မသုံးတော့ခြင်း တစ်ခုတည်းဖြင့် ဖြစ်ပေါ်လာသည်မဟုတ်ပါ။ မှတ်တမ်းထဲကအမည် ပျောက်သွားခြင်း၊ ဥပဒေ အောက်တွင် အခွင့်အရေးမညီမျှခြင်း၊ အုပ်ချုပ်ရေးစနစ်တွင် အမျိုးသားရေးအမှတ်သညာကို မှတ်တမ်းတင်မပေးခြင်း၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းရန် အခွင့်အရေးမရှိခြင်း၊ နိုင်ငံရေးအရ ကိုယ်စားပြုမှု မရှိခြင်းတို့ကလည်း Identity ပျောက်ကွယ်ခြင်းကို ဖြစ်စေပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမူဘောင်များနှင့် နိုင်ငံတော်တည်ဆောက်ရေး အစောပိုင်းကာလများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် အစဉ် အဆက် နေထိုင်ခဲ့သူများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ မတူညီသော ဥပဒေမူဘောင်များ ရှိခဲ့ သည်ကို တွေ့ရပါသည်။ သို့သော် နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ခွဲခြား သတ်မှတ်မှုများနှင့် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများသည် လူနည်းစုများအတွက် ပိုမိုရှုပ်ထွေးသော အခြေအနေများကို ဖြစ်ပေါ်စေခဲ့ပါသည်။

အထူးသဖြင့် ဂေါ်ရခါးဟူသော လူမျိုးရေးအမှတ်သညာကို တရားဝင်မှတ်တမ်းများတွင် မတူညီသော အမည်များဖြင့် သတ်မှတ်ခြင်း၊ လူမျိုးရေးနှင့် ဘာသာရေးအမျိုးအစားများကို ရောထွေး သတ်မှတ် ခြင်းများသည် လူတစ်စု၏ ကိုယ်ပိုင်အမျိုးသားရေး အမှတ်သညာကို မှေးမှိန်စေနိုင်သည့် အန္တရာယ် ဖြစ်ပါသည်။ လူတစ်ယောက်သည် မိမိကိုယ်ကို မည်သူဟု သတ်မှတ်သည်ဆိုသည်မှာ မိမိ၏ အခြေခံ ဂုဏ်သိက္ခာနှင့် ဆက်နွယ်နေပါသည်။ ထို့ကြောင့် “ဂေါ်ရခါး” ဟူသော Identity သည် စာရွက်ပေါ်က အမည်တစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် မျိုးဆက်များ၏ သမိုင်း၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ မှတ်ဉာဏ်နှင့် ဂုဏ်သိက္ခာတို့ကို သယ်ဆောင်ထားသည့် အမှတ်သညာတစ်ခု ဖြစ်ပါသည်။

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ဖိအားများခံစားနေရသော လူနည်းစုတစ်စု

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ ပဋိပက္ခသည် လူနည်းစုအသိုင်းအဝိုင်းများ အပေါ် ပိုမိုပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ မြန်မာပြည်ဖွား ဂေါ်ရခါးများ သည်လည်း ထိုအကျပ်အတည်းမှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သား စုဆောင်းမှုနှင့် စစ်ရေးဖိအားများကို ရင်ဆိုင်ရသကဲ့သို့ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဒေသ အလိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲများ၏ စစ်ရေးနှင့် လူအင်အားစုဆောင်းခြင်းဆိုင်ရာ ဖိအားများကိုလည်း ရင်ဆိုင်နေရသူများ ရှိပါသည်။ အထူးသဖြင့် လူဦးရေနည်းပါးပြီး နိုင်ငံရေးအရ ကိုယ်စားပြုမှုအားနည်းသော အသိုင်းအဝိုင်းများ အတွက် မိမိတို့ကိုယ်ပိုင်အသံဖြင့် လုံခြုံရေးနှင့် အခွင့်အရေးများကို တောင်းဆိုနိုင်ရန် ပလက်ဖောင်း မရှိခြင်း၊ ခိုင်မာသောအဖွဲ့အစည်းများ မရှိခြင်းသည် အလွန်ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပါသည်။ ယနေ့ ဂေါ်ရခါးလူငယ်များအတွက် မေးခွန်းမှာ“ငါတို့ ဘယ်သူတွေလဲ?” ဆိုတာသာ မဟုတ်တော့ ပါ။ “ငါတို့ ဘယ်မှာ လုံခြုံစွာ နေထိုင်ကြမလဲ?” “ငါတို့ရဲ့ Identity ကို ဘယ်သူက ကာကွယ်ပေးမလဲ?” “ငါတို့ရဲ့အသံကို ဘယ်သူက နိုင်ငံရေးဆုံးဖြတ်ချက်တွေထဲ ယူဆောင်သွားပေးမလဲ?” ဆိုသည့် မေးခွန်းများ ဖြစ်လာနေပါသည်။

ရွှေ့ပြောင်းခြင်းက Identity ကို ပိုမိုအားနည်းစေသည်

စစ်ပွဲ၊ မလုံခြုံမှု၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ မသေချာမှုများကြောင့် လူငယ်များနှင့် မိသားစုများသည် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်လာကြရပါသည်။ လူတစ်စု၏ အနာဂတ်အတွက် ရွှေ့ပြောင်းနေထိုင်ခြင်းသည် အလိုအလျောက် ပြဿနာမဟုတ်ပါ။ သို့သော် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မိခင်မြေနှင့် အဆက်အသွယ်ပြတ်လာခြင်း၊ မိခင် ဘာသာ စကားနှင့် ယဉ်ကျေးမှုကို အသုံးပြုမှု လျော့နည်းလာခြင်း၊ သမိုင်းမှတ်ဉာဏ်များ ပျောက်ဆုံးလာခြင်း တို့နှင့် ပေါင်းစပ်လာပါက Identity ပျောက်ကွယ်မှုကို အရှိန်မြင့်စေနိုင်ပါသည်။ ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ ရင်ဆိုင်နေရသည်မှာ လူဦးရေ လျော့နည်းလာမှုတစ်ခုတည်း မဟုတ်ပါ။ “လူမျိုးတစ်စု၏ သမိုင်းမှတ်ဉာဏ် ပျောက်ကွယ်သွားနိုင်ခြင်း” ဖြစ်ပါသည်။

တန်းတူရေးဆိုသည်မှာ လူများစုအတွက်သာ မဟုတ်

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ဆွေးနွေးသည့်အခါ “တန်းတူရေး”၊ “ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်” နှင့် “လူမျိုးရေးအခွင့်အရေး” တို့ကို အများအားဖြင့် လူမျိုးကြီးများ၏ ရပိုင်ခွင့်များအဖြစ် သာ ဆွေးနွေးလေ့ရှိပါသည်။ သို့သော် မေးခွန်းတစ်ခု ထပ်မေးရန် လိုအပ်ပါသည်။ လူမျိုးကြီးများ၏ အခွင့်အရေးကို ကာကွယ်ပေးမည့် ဖက်ဒရယ်စနစ်အတွင်း လူနည်းစုများ၏ အခွင့်အရေးကို မည်သူ က ကာကွယ်ပေးမည်နည်း။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် အခြားလူနည်းစုတစ်စု၏ အခွင့်အရေးကို ဖိနှိပ် ရန်အခွင့်အာဏာ မဖြစ်သင့်ပါ။ မိမိတို့ကိုယ်တိုင် တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို တောင်းဆိုနေသူများသည် မိမိတို့၏ဒေသအတွင်း နေထိုင်ကြသည့် လူနည်းစုများအတွက်လည်း ထို တန်းတူရေးနှင့် တရားမျှတမှုကို ပြန်လည် အာမခံပေးနိုင်ရမည် ဖြစ်ပါသည်။ တန်းတူရေးသည် “ငါတို့အတွက်” သာ မဟုတ်ပါ။ “ငါတို့နှင့်အတူ နေထိုင်နေသူများအားလုံးအတွက်” ဖြစ်ရပါမည်။

ဂေါ်ရခါးလူမျိုးများရဲ့ Identity မပျောက်ကွယ်ရန် အရေးတကြီး လုပ်ဆောင်ရမည့် အချက်များ

မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ Identity မပျောက်ကွယ်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်တွင် တန်းတူညီမျှ ပါဝင်နိုင်ရေးအတွက် အောက်ပါအချက်များကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ၁။ နိုင်ငံသားဖြစ်ခွင့်ကို တရားမျှတစွာ အာမခံချက်ပေးရန် မျိုးဆက်(၅) ဆက်ကျော်သည့်တိုင် မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည့် ဂေါ်ရခါးများ၏ နိုင်ငံ သားဖြစ်မှုကို ဥပဒေနှင့် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ရှင်းလင်းစွာ အသိအမှတ်ပြုပေးရမည်။ ၂။“ဂေါ်ရခါး”Identityကိုမိမိဆန္ဒအတိုင်းတရားဝင်မှတ်တမ်းတင်ခွင့်ပေးရန် နိုင်ငံသားစိစစ်ရေးနှင့် အစိုးရမှတ်တမ်းများတွင် လူမျိုးရေးနှင့် ဘာသာရေးကို ရောထွေး သတ်မှတ် ခြင်းမပြုဘဲ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အမျိုးသားရေး Identity ကို လွတ်လပ်စွာ ဖော်ပြနိုင်ခွင့် ရှိရမည်။ ၃။ နိုင်ငံရေးကိုယ်စားပြုမှုကို အာမခံချက်ပေးရန် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် တော်လှန်ရေးအတွင်း ဆုံးဖြတ်ချက်ချမှတ်သည့် ပလက်ဖောင်းများတွင် လူနည်းစုများ၏ အသံများကို မပျောက်ကွယ်စေရန် ဂေါ်ရခါးကိုယ်စားလှယ် များ တန်းတူပါဝင်နိုင်မည့် နည်းလမ်းများ ဖန်တီးပေးရမည်။ ၄။ စစ်ပွဲအတွင်း လူနည်းစုများ၏ လုံခြုံရေးကို အထူးကာကွယ်ရန် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အတင်းအဓမ္မ လူအင်အားစုဆောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများမှ လူနည်းစုများကို ထိရောက် စွာ ကာကွယ်ပေးရမည်။ ၅။ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကိုထိန်းသိမ်းခွင့် အာမခံရန် ဂေါ်ရခါးတို့၏ ဘာသာစကား၊ စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုများကို လွတ်လပ်စွာ ထိန်းသိမ်း၊ သင်ကြား၊ ဖွံ့ဖြိုးနိုင်မည့် အခွင့်အရေးများကို ဥပဒေအရ အာမခံချက်ပေးရမည်။ ၆။ သမိုင်းကို ပြန်လည်မှတ်တမ်းတင်ရန် လွတ်လပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဂေါ်ရခါးတို့၏ ပေးဆပ်ခဲ့မှုများကို မြန်မာ့ သမိုင်း မှတ်တမ်းများတွင် ပြန်လည် ထည့်သွင်း မှတ်တမ်းတင်ရန် လိုအပ်ပါသည်။ သမိုင်းကို ပြန်လည် မှတ်တမ်းတင်ခြင်းသည် အတိတ်ကို ဂုဏ်ပြုခြင်းသာ မဟုတ်ပါ။ အနာဂတ်မျိုးဆက်များအတွက် “ငါတို့ ဘယ်သူတွေလဲ” ဆိုသည့်အဖြေကို ထားခဲ့ပေးခြင်းလည်း ဖြစ်ပါသည်။

တော်လှန်ရေးတွင်ဦးဆောင်နေသူများ၏ မူဝါဒမှ လက်တွေ့အကောင်အထည်ဖော်မှုသို့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးနှင့် ပိုမိုတန်းတူညီမျှသော နိုင်ငံသား မူဝါဒများ ဆီသို့ ရွေ့လျားရန် သဘောထားများ ထုတ်ဖော်ထားခြင်းသည် အရေးကြီးသော ခြေလှမ်းများဖြစ်ပါ သည်။သို့သော် မူဝါဒတစ်ရပ် ရှိနေခြင်းနှင့် မြေပြင်တွင် လူတစ်ဦး၏ဘဝအတွင်း ထိုအခွင့်အရေးကို အမှန်တကယ် ခံစားနိုင်ခြင်းတို့သည် မတူညီပါ။ ထို့ကြောင့် နောက်တစ်ဆင့်သည် မူဝါဒမှသည် ဥပဒေ၊ ထိုမှတစ်ဆင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဟူသည့် လမ်းကြောင်း အတိုင်း သွားရမည်ဖြစ်ပါသည်။

နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး၊ လူမျိုးရေး Identity မှတ်တမ်းတင်ရေး

နိုင်ငံရေးကိုယ်စားပြုရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများကို စာရွက်ပေါ်တွင်သာ မထားဘဲ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါသည်။ မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ တောင်းဆိုချက်သည် အခြားလူမျိုးများထက် အခွင့်အရေးပိုရလိုခြင်း မဟုတ်ပါ။အခြားသူများနှင့် တန်းတူဖြစ်လိုခြင်းသာ ဖြစ်ပါသည်။ နိုင်ငံတော်အတွက် သွေးဖြင့်ပေးဆပ်ခဲ့သည့် သမိုင်းကို အသိအမှတ်ပြုစေလိုခြင်း၊ မိမိကိုယ်ကို “ဂေါ်ရခါး” ဟု ခေါ်ဆိုခွင့် ရှိလိုခြင်း၊ မိမိ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းလိုခြင်း၊ မိမိတို့၏ လုံခြုံရေးနှင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရာတွင် ကိုယ်တိုင်ပါဝင်လိုခြင်း စသည့်အရာများသည် မည်သည့်လူမျိုးမဆို ရရှိသင့် သည့် အခြေခံအခွင့်အရေးများသာ ဖြစ်ပါသည်။ လူနည်းစုဖြစ်ခြင်းသည် တိတ်ဆိတ်နေရမည့် အကြောင်းပြချက် မဟုတ်ပါ။ လူဦးရေနည်းခြင်းသည် အခွင့်အရေးနည်းရမည့် အကြောင်းပြချက် မဟုတ်ပါ။ သမိုင်းတွင် မျက်နှာ ဖုံးကွယ်ခံခဲ့ရခြင်းသည် အနာဂတ်တွင်လည်း ပျောက်ကွယ်နေရမည့် အကြောင်းပြချက် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် လူမျိုးကြီးများအကြား သဘောတူညီချက်တစ်ခုမျှသာ မဖြစ်သင့်ပါ။ လူနည်းစုတိုင်း၏ အသံကို ကြားနိုင်သော၊ Identity တိုင်းကို လေးစားနိုင်သော၊ လူသား တိုင်းကို တန်းတူကာကွယ်နိုင်သော ပြည်ထောင်စုဖြစ်ရပါမည်။ ထိုသို့မဟုတ်ပါက စနစ်ဟောင်းကို သာ ဖျက်ပြီး စနစ်ဟောင်း၏ မညီမျှမှုကို ပုံစံအသစ်ဖြင့် ပြန်လည်တည်ဆောက်မိနိုင်ပါသည်။

ယနေ့ ဂေါ်ရခါးလူငယ်များ၏ လက်ထဲတွင်ရှိနေသော တာဝန်သည် မိမိတို့၏ Identity ကိုသာ ထိန်းသိမ်းရန်မဟုတ်ပါ။ မိမိတို့၏သမိုင်းကို ပြန်လည်ရှာဖွေရန်၊ မိမိတို့၏အသံကို ပြန်လည်ဖော်ထုတ် ရန်၊ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုရန်၊ အနာဂတ်နိုင်ငံရေးတွင် မိမိတို့နေရာကို ကိုယ်တိုင် ဖန်တီးရန်ဖြစ်ပါသည်။ တစ်ချိန်က မြန်မာနိုင်ငံအတွက် သွေးဆပ်ခဲ့သူများ၏ သမိုင်းသည် ယနေ့ မျက်ရည်စက်များနှင့် ပျောက်ကွယ်သွားရန် မသင့်ပါ။ အသက်ရှင်နေသူတို့၏ Identity ကို စာရွက် ပေါ်မှာ မဖျောက်ပါနှင့်။ လူနည်းစုတို့၏ အသံကို နိုင်ငံရေးဆုံးဖြတ်ချက်များထဲမှာ မချန်လှပ်ပါနှင့်။ အနာဂတ် မြန်မာနိုင်ငံသည် “ဘယ်သူက အင်အားကြီးသလဲ” ဆိုတာနှင့် မဟုတ်ဘဲ “ဘယ်သူမှ ချန်လှပ်မခံရအောင် ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲ” ဆိုတာနှင့် တိုင်းတာရမည်ဖြစ်ပါသည်။ မြန်မာပြည်ဖွား ဂေါ်ရခါးတို့သည် ပျောက်ကွယ်သွားရန် မဟုတ်ပါ။ မိမိတို့၏ သမိုင်း၊ Identity နှင့် ဂုဏ်သိက္ခာတို့နှင့်အတူ အနာဂတ်မြန်မာနိုင်ငံကို တန်းတူညီမျှ တည်ဆောက်ရန်ဖြစ်ပါသည်။ —