စစ်ရေးဖြင့် အနိုင်ယူမည်လော ငြိမ်းချမ်းရေးဖြင့် အနိုင်ယူမည်လော
ယခုဆောင်းပါးသည် စစ်အာဏာသိမ်းမှုကာလ ၂ နှစ်ကျော်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ကာလများကို အခြေပြုကာ ရေးသားတင်ပြထားခြင်း ဖြစ်ပါကြောင်း ကနဦး ဖော်ပြလိုပါသည်။ ထိုအချိန်က စာရေးသူသည် အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားအတွင်း ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ကဏ္ဍများတွင် ပါဝင်အားဖြည့် လုပ်ဆောင်ပေးနေသူ ဖြစ်ပါ သည်။၂၀၂၃-၂၀၂၄ ကာလများတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် စစ်ရေးအရ အောင်ပွဲ များနှင့်အတူ ဒေသအမြောက်အမြားကို စိုးမိုးထိန်းချုပ်လာနိုင်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီ တပ်များ ဆုတ်ခွာသွားသည့် “လွတ်မြောက်နယ်မြေ” များတွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များစွာ ရင်ဆိုင်ခဲ့ရသည်။ စစ်ရေးအရ အောင်နိုင်မှုသည် ဒေသခံပြည်သူများအတွက် လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို အလိုအလျောက် သယ်ဆောင်မလာနိုင်ကြောင်း မြေပြင်ဖြစ်စဉ်များက ပြသနေသည်။ ထို့ကြောင့် လက်ရှိကာလ တော်လှန်ရေးအင်အားစုများ စိုးမိုးရာဒေသများတွင် လူထုအခြေပြု ငြိမ်းချမ်းရေး (Community Peace) တည်ဆောက်နိုင်မှုသည် တော်လှန်ရေး၏ အနာဂတ်နှင့် ဂုဏ်သိက္ခာအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်လာသည်။
ပညာရပ်ဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ငြိမ်းချမ်းရေးကို ပုံစံနှစ်မျိုးဖြင့် ခွဲခြားနိုင်သည်။ ငြိမ်းချမ်းရေး ပညာရှင် ဂျိုဟန် ဂါတွန် (Johan Galtung) ၏ အပြုသဘောဆောင်သော ငြိမ်းချမ်းရေး (Positive Peace) နှင့် အနုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေး (Negative Peace) ဟူ၍ဖြစ်သည်။ သီအိုရီအရ စစ်ပွဲများ၊ တိုက်ပွဲများနှင့် တိုက်ရိုက်အကြမ်းဖက်မှုများ မရှိတော့ခြင်းကို “Negative Peace” ဟု ခေါ်ဆိုပြီး လူမှုအဖွဲ့အစည်းအတွင်း တရားမျှတမှုရှိခြင်း၊ လူ့အခွင့်အရေး လေးစားခြင်းနှင့် ပဋိပက္ခများကို အကြမ်းမဖက်ဘဲ စနစ်တကျ ဖြေရှင်းနိုင်ခြင်းကို “Positive Peace” ဟု သတ် မှတ်သည်။ တော်လှန်ရေးနယ်မြေများတွင် စစ်ကောင်စီတပ်များ မရှိတော့ရုံဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်ဘဲ Positive Peace ရှိမှသာ လူထုအခြေပြုငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ထို့အပြင် ရော်ဂျာမက်ဂင်တီး (Roger Mac Ginty) ၏ Everyday Peace (နေ့စဉ်လူမှုဘဝ ငြိမ်းချမ်းရေး) အယူအဆအရ စစ်မှန်သော ငြိမ်းချမ်းရေးသည် အဆင့်မြင့်ခေါင်းဆောင်များအကြား ချုပ်ဆိုသည့် စာချုပ်များထက် ရပ်ကွက်နှင့် ကျေးရွာအဆင့်ရှိ လူထုအချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် နေ့စဉ်ဘဝ တည်ငြိမ်မှုအပေါ်၌သာ အခြေခံသည်ဟု ဆိုသည်။ ပဋိပက္ခအလွန် သို့မဟုတ် ကူးပြောင်းရေးကာလများကို လေ့လာသည့် Hybrid Governance (ကပြားစပ်အုပ်ချုပ်ရေး) သီအိုရီတွင်လည်း တရားဝင်အစိုးရမဟုတ်သည့် တော်လှန်ရေးအဖွဲ့အစည်း များနှင့် ဒေသခံအရပ်ဘက်အဖွဲ့များ ပူးတွဲ အုပ်ချုပ်ရသည့် အခြေအနေတွင် အဖွဲ့အစည်းများအကြား ညှိနှိုင်းမှု အားနည်းပါက “အုပ်ချုပ်ရေးလေဟာနယ် (Governance Vacuum)” နှင့် “မင်းမဲ့စရိုက် (Anarchy)” များ ဖြစ်ပေါ်တတ်ကြောင်း နိုင်ငံတကာဖြစ်စဉ်များက သက်သေပြခဲ့ပြီးဖြစ်သည်။
ထိုစဉ်က မြန်မာနိုင်ငံ၏ တော်လှန်ရေးစိုးမိုးနယ်မြေအချို့ (အထူးသဖြင့် စစ်ကိုင်း၊ မကွေး စသည့် အညာဒေသများနှင့် အချို့သော တိုင်းရင်းသားဒေသများ) တွင် လူထုအခြေပြုငြိမ်းချမ်းရေး (Community Peace) အားနည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ထင်ရှားသော လက်တွေ့ပြဿနာကြီး (၂) ခုကို တွေ့ရှိရသည်။တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရပ်ကျေးအုပ်ချုပ်ရေး (ပအဖ)၊ ကာကွယ်ရေး (ပကဖ) နှင့် လုံခြုံရေး/ရဲ (ပလဖ) အဖွဲ့များ ဖွဲ့စည်း ထားသော်လည်း ဒေသခံပြည်သူများနှင့် အပြန်အလှန် ယုံကြည်မှု အားနည်းခြင်း၊ နယ်မြေစိုးမိုးမှုနှင့် အရင်းအမြစ် ခွဲဝေမှုများတွင် ညှိနှိုင်းမှု အားနည်းခြင်းတို့ကြောင့် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ နိုင်ငံပိုင် အမှတ်(၆) ချည်မျှင်နှင့် အထည်စက်ရုံဝင်း အတွင်းမှ သံထည်ပစ္စည်းများကို ဝင်ရောက်ယူငင်သည့် ဒေသခံများအား ဒေသခံလုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းရာမှ ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သား သေဆုံးဒဏ်ရာရမှု များ ရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများက ၎င်းတို့အပေါ် အကာအကွယ်ပေးရမည့် တော်လှန်ရေးအဖွဲ့များအား “ပသုံးလုံးအလိုမရှိ” ဟု ကြွေးကြော်ကာ လမ်းပေါ်ထွက် ဆန္ဒပြသည် အထိ လူထုနှင့် တော်လှန်ရေးအဖွဲ့အကြား ပဋိပက္ခ ကြီးထွားခဲ့သည်။
စစ်ကောင်စီ၏ တရားစီရင်ရေးယန္တရား မရှိတော့သည့်နောက်ပိုင်း တော်လှန်ရေးနယ်မြေများတွင် ခိုင်မာပြီး ဘက်လိုက်မှုကင်းသည့် တရားဥပဒေစိုးမိုးရေး (Rule of Law) စနစ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်မှု အားနည်းခဲ့သည်။ လက်နက်ကိုင်ထားသူများ သို့မဟုတ် တော်လှန်ရေးအာဏာ ရှိသူများက စိတ်ခံစားချက်အပေါ် အခြေခံ၍သော်လည်းကောင်း၊ “ကိုယ့်လူ၊ သူ့လူ” ဘက်လိုက်မှု ဖြင့်သော်လည်းကောင်း တရားစီရင်မှုများ ရှိနေသည်။
မြေပြင်တွင်ဖြစ်ပွားသည့် ခိုးမှု၊ လုယက်မှု သို့မဟုတ် ဒလန်ဟု သံသယရှိမှုများအပေါ် ခိုင်လုံသော စစ်ဆေးတွေ့ရှိချက်မရှိဘဲ လူထုရှေ့မှောက်တွင် နှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက် စီရင်ခြင်း သို့မဟုတ် သေဒဏ်ပေးခြင်း စသည့် မင်းမဲ့စရိုက်ဆန်သော ဖြစ်စဉ်များ အဆက်မပြတ် သတင်းတက် လာလျက်ရှိသည်။ ဤအခြေအနေများသည် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုကို ဖြစ်စေပြီး တော်လှန်ရေးအဖွဲ့အစည်းများ၏ တရားစီရင်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့စေသည်။
အထက်ပါ လက်တွေ့ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးနယ်မြေများတွင် စစ်ရေးအရ စိုးမိုးနိုင်ရုံမျှဖြင့် ဒေသခံများ၏ လူမှုဘဝ ငြိမ်းချမ်းရေးကို အာမ မခံနိုင်ကြောင်း ထင်ရှားသည်။ ဤပြဿနာများကို Community Peace ရှုထောင့်မှ အောက်ပါအတိုင်း ဆန်းစစ်နိုင်သည်။
စစ်မှန်သော အာဏာသက်ရောက်မှု (Legitimacy) ပျောက်ဆုံးခြင်း - နိုင်ငံရေးသိပ္ပံ သဘောတရားအရ အာဏာဆိုသည်မှာ သေနတ်ပြောင်းဝမှ လာရုံမျှဖြင့် မပြီးဘဲ လူထု၏ ကြည်ဖြူစွာ လက်ခံမှု (Civilian Legitimacy) ရှိမှသာ တည်မြဲသည်။ လက်ရှိတွင် အချို့သော တော်လှန်ရေးအဖွဲ့များသည် လူထုကို ညှိနှိုင်း ဆွေးနွေးခြင်းထက် ကြောက်ရွံ့စေခြင်း (Fear-based Obedience) ဖြင့် အုပ်ချုပ်ရန် ကြိုးစားလာခဲ့ကြသည်။ ဤသည်မှာ စစ်ကောင်စီ၏ အာဏာရှင်စနစ်ပုံစံတူ ဖြစ်လာစေပြီး ရေရှည်တွင် လူထုအခြေပြုငြိမ်းချမ်းရေးကို ပျက်ပြားစေသည်။
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (SSR) နှင့် အခန်းကဏ္ဍ ဝေဝါးမှု - လက်နက်ကိုင် တိုက်ခိုက်ရမည့် စစ်သား/ရဲဘော် (Combatant) နှင့် ပြည်သူ့နီတိအတိုင်း စည်းကမ်း ထိန်းသိမ်းရမည့် ရဲတပ်ဖွဲ့ (Law Enforcement) တို့၏ အခန်းကဏ္ဍသည် မြေပြင်တွင် ရောထွေးနေသည်။ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် စစ်ရေးနည်းနာများ (လက်နက်အားကိုးခြင်း၊ ပစ်ခတ်နှိမ်နင်းခြင်း) ကို အသုံးပြုနေသရွေ့ ရပ်ရွာအခြေပြု ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဖြစ်သည်။
လူအဖွဲ့အစည်းများ အကွဲအပြဲဖြစ်ခြင်း (Social Fragmentation) - ပဋိပက္ခကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လူမှုအဖွဲ့အစည်းအတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာသည်။ ၎င်းအပြင် “ငါ့ဘက်မပါရင် ရန်သူ” ဟူသည့် အစွန်းရောက် အတွေးအခေါ်များကြောင့် လူထုအချင်းချင်းအကြား သံသယစိတ်များ ကြီးထွားလာပြီး လူမှုအဖွဲ့အစည်း၏ အခြေခံအကျဆုံး အပြန်အလှန်ယုံကြည်မှု (Social Trust) ကင်းမဲ့လာခြင်းသည် Community Peace အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေသည်။
