မှုန်သီဝေဝါး အနာဂတ်များရဲ့ အိုအေစစ်ငယ်

ကျနော်တို့ မြန်မာပြည်ပြင်ပ မလှမ်းမကမ်းက နယ်စပ်မြို့လေး။ နယ်စပ်မျဉ်းနဲ့ မလှမ်းမကမ်း မြို့ သေးသေးလေး။ အဲဒီမြို့လေးမှာ လူပေါင်းစုံနေကြတယ်။ ဘာသာအရ ကွဲပြားကြသလို လူမျိုးအရ လည်း စုံလင်လှပါတယ်။ အရင်ကတည်းက ရေကြည်ရာမြက်နုရာ ရှာရင်းနဲ့ ရွှေ့ပြောင်းခဲ့ကြတဲ့ လူတွေ အများကြီးရှိသလို အာဏာသိမ်းနောက်ပိုင်းမှာ ရောက်လာကြတဲ့ အလွှာစုံကလူတွေလည်း မနည်းမနောပါ။ အာဏာရှင်ကို တော်လှန်ရင်းနဲ့ ရောက်လာကြသလို ရေမျောကမ်းတင်လို့ဆိုရမလို တခြားအကြောင်းကြောင်းကြောင့် ရောက်လာသူတွေလည်း မနည်းမနော။ ဒီမြို့ထဲမှာပဲ ငွေကို ငွေလို့ မထင်တဲ့ လူကုံထံတွေလည်း ရှိကြသေးသတဲ့၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ကြီးပွားချမ်းသာလာ ကြသူတွေလည်း ရှိသတဲ့။ ဒီလူကုံထံတွေအကြောင်းတော့ ဂဃနဏမသိတာမို့ ချန်လှပ်ခဲ့ပါရစေ။

အဲဒီမြို့လေးထဲမှာပဲ အကြော်ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ အကြော်စုံဆိုတာက မြန်မာ့ လူမှုအသိုင်း အဝိုင်းမှာ စားစရာဆိုတာထက် ပိုလွန်တဲ့အဓိပ္ပါယ်တွေ၊ ဆက်နွှယ်မှုတွေ ရှိနေတတ်ပါတယ်။ ဟန်နဲ့ ပန်နဲ့ အထာကျကျ ဝန်ဆောင်မှုတွေကို လိုချင်ရင်တော့ အဲဒီဆိုင်လေးမှာ အဆင်မပြေနိုင်ပါ။ ဆိုင် ဆိုပေမယ့် ခြံဝန်းလေးတစ်ခုနဲ့ တဲလေးတစ်ခုပါပဲ။ ခြံဝန်းထဲမှာ စားပွဲဝိုင်း လေးငါးခုနဲ့ ထိုင်စရာ ခုံ လေးတွေ တွေ့ရပါမယ်။ ဒီနေရာမှာ မီးရောင်လင်းလင်းထိန်ထိန်နဲ့ အဲကွန်းလေအေးအေးကို မျှော်လင့်လို့မရပါဘူး။ ဘာတွေရမလဲ ရေးထားတဲ့ မီနူးကဒ်ပြားလည်း ဒီမှာမရှိပါဘူး။ ဆိုင်ကို ပုံမှန် လာစားသူက အများစုမို့လို့ ဒီဆိုင်မှာ ဘာရမလဲ သိပြီးသား။ တစ်ခါမှ မရောက်ဖူးတဲ့သူ ရောက်လာ ရင်လည်း ဘာရနိုင်မလဲဆိုတာ စားမဲ့သူက ကိုယ့်ဘာသာ မေးရတယ်။ မင်္ဂလာပါလို့ ကြိုဆိုနှုတ်ဆက် မယ့် စားပွဲထိုးလည်းမရှိတာမို့ ဘာစားမယ်ဆိုတာကို လှမ်းအော်ပြီး မှာရင်မှာ၊ ဒါမှမဟုတ် အကြော်ဖို နားကို လူကိုယ်တိုင် သွားမှာရင်မှာ ဒါပဲရှိပါတယ်။

ဆိုင်က ညနေဘက်မှ ဖွင့်တာမို့လို့ နေ့ခင်းလောက်ကနေ စပြီး ပြင်ရဆင်ရနဲ့ အလုပ်စရှုပ်နေပါပြီ။ နေလေးစောင်းတာနဲ့ ဆိုင်လေးက လူတွေနဲ့စည်ကားလာပြီး တဖြည်းဖြည်း အသက်ဝင်လာပါပြီ။ စားသောက်ဆိုင်တွေလို မီးဖိုဆောင်က ဆိုင်ရဲ့အတွင်းထဲမှာ မမြင်ရတာမျိုးမဟုတ်ဘဲ အများရှေ့မှာပဲ အကြော်အိုးကြီးက ဆီတဗွမ်းဗွမ်းနဲ့ အလှပြထားပါတယ်။ အကြော်ဖိုမှာလည်း တခါတလေ ကြုံတဲ့သူ က ဝင်ကူပြီး ကြော်ပေးသလို ရေနွေးအိုးကုန်နေရင်လည်း ကိုယ်တိုင်ထယူစနစ်ပါပဲ။ ငွေရှင်းရင်လည်း ကောင်တာလို့ ခေါ်ရမဲ့နေရာ အကြော်အိုးနားမှာပဲ သွားရှင်းရပါတယ်။ စီစီတီဗီမရှိပေမယ့် လာစားသူ အားလုံးက ကိုယ်စားတာကိုယ် အတိအကျ မှတ်ထားကြပြီး အမှားအယွင်းမရှိ ပေးချေကြပါတယ်။ ဒီလိုအခင်းအကျင်းနဲ့ အပြင်အဆင်တွေကပဲ ဒီရပ်ဝန်းကလူတွေကို မြန်မာ့ရနံ့တွေ ထုံကြိုင် မွှေးပျံ့စေ သလား မသိပါ။

ညနေဆိုရင် အဲဒီဆိုင်ကို အလုပ်အားသူတွေ အစီအရီ ရောက်လာကြပါပြီ။ ဘယ်သူတွေလဲဆိုတော့ ဝန်ကြီးဌာနအစုံက စီဒီအမ်တွေနဲ့ တက်ကြွလှုပ်ရှားသူတချို့ပါ။ သူတို့က ဒီဆိုင်လေးကို ကိုယ်ထူ ကိုယ်ထ ကူညီ လည်ပတ်နေကြတာပါ။ သူတို့စီးလာတဲ့ စက်ဘီးလေးတွေကို အစီအရီ တန်းစီလို့ ရပ်ထားကြပါတယ်။ ဒီနေရာ ဒီဒေသမှာ လာစားကြတဲ့သူတွေ အားလုံးနီးပါးက သိကျွမ်းပြီးသားသူ တွေချည်းဖြစ်တာမို့ စက်ဘီးတွေကိုလည်း သော့ခတ်ချင်မှ ခတ်ကြတာပါ။ ကားတွေ၊ ဆိုင်ကယ်တွေ လို လိုင်စင်နံပါတ်ပြားတွေ မပါပေမယ့် ဒါက ဘယ်သူ့စက်ဘီးဆိုတာမျိုး အချင်းချင်း မှတ်မိနေကြ တာပါ။ ဒီနေ့တော့ ဘယ်သူမလာဘူးဟေ့ ဆိုတာမျိုးကနေ ဘယ်သူ့စက်ဘီးက ဘာပြင်ရမယ် ဆိုတာ မျိုးအထိပါ သိနေကြလွန်းသူတွေပါ။ အပြန်အလှန် ဂရုစိုက်မှုတွေနဲ့ အသိုင်းအဝိုင်းလေးက မြို့ပြ မဆန်လွန်းဘဲ ကျေးလက်ဆန်နေသလိုလို။ သွေးသားမတော်စပ်ပေမဲ့ သူတို့ရဲ့ဆက်နွယ်မှုက ခိုင်မြဲ နေပါတယ်။

သူတို့က ဘယ်ကနေစပြီး စုစည်းမိသလဲဆိုတော့ ဒီမြို့လေးကိုရောက်လို့ ဟိုသင်တန်း ဒီသင်တန်း ခေါ်တဲ့အခါ တက်ကြရာကနေ စုစည်းမိသူတွေ၊ နဂိုမူလ ဝန်ကြီးဌာနတွေကတည်းက သိကျွမ်းကြသူ တွေ၊ တော်လှန်ရေးထဲ ခင်ကြမင်ကြသူတွေကတဆင့် ခင်ရာမင်ကြောင်းဆက်စပ်ပြီး ထပ်ဆုံသူတွေ စသည်အားဖြင့်ပါပဲ။ တချိန်က ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတွေ၊ အရာရှိ အရာခံတွေ၊ ဦးစီးအရာရှိတွေပါသလို စာရေးစာချီတွေလည်း ပါရဲ့။ ဒီမှာတော့ အသက်အရွယ်အရ ဆက်ဆံကြ၊ ခေါ်ပြောနှုတ်ဆက်ကြပါတယ်။ အသက်အရွယ်တွေက ၄၀ လောက်ကနေ ပင်စင်စား အရွယ်အထိ အစုံအလင်ပါပဲ။

ဒီနေရာမှာ သိပ်ချမ်းသာတဲ့သူဌေးတွေ မရှိပါဘူး။ တခြားနိုင်ငံတွေကို ရွှေ့ပြောင်းခိုလှုံနိုင်ဖို့ အဆက်အသွယ်ကောင်းကောင်းတွေ မရှိတတ်ကြပါဘူး။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ ဆွေတွေ မျိုးတွေဆိုတာလည်း သူတို့မှာ မရှိသလောက်ပါ။ အထူးသဖြင့် ဥရောပနိုင်ငံတွေ၊ အနောက်နိုင်ငံတွေ ဆို ပိုဝေးတာပေါ့။ မြန်မာမှာမွေးပြီး မြန်မာမှာ ကြီးပြင်းကြတဲ့ (တိုင်းရင်းသားတွေအပါအဝင်) မြန်မာ နိုင်ငံသား စစ်စစ်တွေပါ။ သူတို့ဇာတိတွေကို မေးကြည့်လိုက်ရင် အညာကစလို့ မြေလတ်၊ အကြေ၊ ဧရာဝတီအထိ အစုံပါပဲ။ သူတို့ဟာ အခြေကျပြီးသား ဝန်ထမ်းဘဝကနေ သူတို့ရင်းနှီးထားသမျှကို အာဏာသိမ်းတဲ့အချိန်မှာ ထားခဲ့သူတွေပါ၊ လုပ်သက်တွေ၊ လုပ်ငန်းအတွေ့အကြုံတွေ၊ လူမှု အသိုင်းအဝိုင်း၊ မိသားစု ဆွေမျိုး၊ ပင်စင်နဲ့ အနာဂတ် စတာတွေကို ပစ်ချခဲ့သူတွေပါ။

သူတို့က စိတ်ပညာကုထုံးတွေကို မတတ်ကျွမ်းပါဘူး။ ဒါပေမယ့် ဒီနေရာလေးက သူတို့အနေနဲ့ ကိုယ့်ဘာသာဖန်တည်းထားတဲ့ ဒါမှမဟုတ် ရှာဖွေတွေ့ရှိထားတဲ့ စိတ်အဆင်ပြေရာနေရာ ဒါမှမဟုတ် နားခိုရာ ရပ်ဝန်းလေးတခု ဖြစ်ပါတယ်။ ပင်ပန်းခက်ခဲမှုတွေကြားထဲက နားခိုရာ၊ ကန္တာရထဲက အိုအေစစ်ကလေးလို့ တင်စားရမလိုပါ။

တူညီတာက သူတို့ရဲ့ အိမ်လွမ်းဝေဒနာ၊ အထူးသဖြင့် အမိမြေကြီးကို လွမ်းဆွတ်တဲ့ဝေဒနာ။ အဲဒီ ဝေဒနာကို ခင်ရာမင်ရာ ဒီအသိုင်းအဝိုင်းလေး တည်ဆောက်ပြီး ဖြေသိမ့်နေရတာပါ။ အမိမြေက မိသားစု၊ ရပ်ဆွေရပ်မျိုးနဲ့ လူမှုပတ်ဝန်းကျင်စစ်စစ်ကို မရနိုင်သော်ငြားလည်း ဒီမြို့လေးမှာ သူတို့ရဲ့ အစားထိုးမိသားစုတွေနဲ့ ပျော်ရွှင်နိုင်ဖို့ ကြိုးစားနေတဲ့သူတွေပါ။ သူတို့မှာ အနာဂတ်အတွက်ဆိုတာ လည်း မထောက်မညှာ စဉ်းစားကြည့်တော့ တချို့ သက်ကြီးတွေအတွက် ဘဝက အချိန် သိပ်မကျန် တော့ပါဘူး၊ နေဝင်လုဆဲဆဲအချိန်ပါ။ သူတို့ခေါင်းပေါ်မှာ ဇရာရဲ့ စေတမန်တွေက အလံဖြူတွေ တလူလူ စိုက်ထူထားပါပြီ။ တချို့က ဖြူနက်ရောရာ၊ တချို့က တခေါင်းလုံး ဖွေးဖွေးလှုပ်နေတဲ့ ဆံသားတွေနဲ့။

သူတို့ တသက်လုံး ကြီးပြင်းလာတဲ့ ကိုယ့်မြေကိုယ့်ရေကို မခွဲခွာချင်တဲ့စိတ်က ကြီးစိုးထားတာမို့ သူတို့ရဲ့နေဝင်ချိန် ခေါင်းချချိန်မှာ ကိုယ့်မြေနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိချင်ကြတာပါ။ တချိန်မှာ ကိုယ့်မြေကိုယ့်ရေဆီ ပြန်ခွင့်ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကို ခေါင်းမာမာနဲ့ မယိုင်မလဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားကြတဲ့သူတွေပေါ့။ သူတို့စကားဝိုင်းမှာ အာဏာရှင်ကို ဘယ်သူတွေက ဘယ်လို ချလိုက် တာကွ ဆိုတာမျိုးကို ပြောကြဆိုကြတဲ့အချိန်မှာ လောကဓံကြောင့် မှုန်သီနေတဲ့မျက်ဝန်းတွေ၊ ဇရာ ကြောင့် မှေးမှိန်နေတဲ့ မျက်လုံးတွေက စူးရှလင်းလက်လို့၊ သားကောင်ကိုမြင်လိုက်ရတဲ့ ခြင်္သေ့တို့ရဲ့ မျက်လုံးမျိုးနဲ့ တဒင်္ဂ တက်ကြွသွားတတ်ကြပါတယ်။ သူတို့မျက်လုံးထဲမှာ သူတို့ရဲ့မြေ သူတို့ရဲ့ရေ သူတို့ရဲ့ မိသားစုဆွေမျိုးတွေကို မြင်နေရတယ်။ ဒါက သူတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်၊ အပြင်း ပြဆုံး ဆန္ဒပါ။ အိမ်လွမ်းတဲ့ဝေဒနာကို အိမ်နဲ့ဝေးမှ သိရသလို အမိမြေနဲ့ဝေးရတဲ့ ခံစားချက်ကို အမိ မြေ ပြန်ခွင့်မရသူတွေသာ အသိဆုံးပါ။

သူတို့တွေဟာ သူတို့တတ်နိုင်သလောက် ရဲရဲဝံ့ဝံ့ လုပ်ပေးခဲ့ကြပြီးပါပြီ။ နယ်ခြားမျဉ်းတဘက်မှာ မြင်နေရတဲ့ အမိမြေဆီ ပြန်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ သူတို့တွေ အိမ်ပြန်ချိန်ကို စောင့်နေကြ ပါတယ်။ သူတို့ရဲ့ နောက်ဆုံးထွက်သက်မှာ အမိမြေပေါ်မှာပဲ ခေါင်းချချင်ကြပါတယ်။ သူတို့ရဲ့ စွန့်လွှတ်မှုတွေအတွက် ပျော်ရွှင်ခွင့် သူတို့ ရသင့်ပါတယ်။ သူတို့ရဲ့အနာဂတ်ကို လင်းလက် တောက်ပ နေစေချင်ပါတယ်။ သူတို့ပေးဆပ်ခဲ့ကြတာ တန်ရဲ့လားလို့လည်း မေးချင်ပါတယ်။ ဘယ်သူတွေမှာ တာဝန်ရှိသည်လဲ ဖြေပေးကြပါ။ “အားလုံးမှာ တာဝန်ရှိပါသည်ခင်ဗျား” ဆိုတဲ့ မရေရာတဲ့ အဖြေမျိုး ကိုတော့ မလိုချင်မိပါ။