ကျဉ်းမြောင်းလာသော အွန်လိုင်းရပ်ဝန်းများ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လူတိုင်းလူတိုင်း လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်နှင့် ယင်းသို့ပြုရန် သတင်းအချက်အလက်၊ အကြောင်းအရာများ ကို ရယူပိုင်ခွင့်လည်း ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကြညာစာတမ်း၊ ​အပိုဒ် ၁၉ တွင် ဖွင့်ဆိုသတ်မှတ်ထားသည်(UN Universal Declaration of Human Rights [UDHR], Art. 19)။​ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့်အဖွဲ့များ ၏ တွေ့ရှိချက် များအရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်နှင့် စာနယ်ဇင်း ပညာ ရှင်များ၊ နာမည်ကျော်ကြားသူများနှင့် တက်ကြွလှုပ်ရှားသူများသာမက သာမန် အရပ်သားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ များစွာ ယိုယွင်းကျဆင်းလျက်ရှိသည် (Human Rights Monitoring Groups, 2026)။ ကမ္ဘာတဝန်းရှိ နိုင်ငံ အသီးသီး၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို စောင့်ကြည့်လေ့လာသည့် လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော Article 19 ၏ ထုတ်ပြန်ချက်များအရ​ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုမှာ လေ့လာသည့်နိုင်ငံပေါင်း ၁၆၁ နိုင်ငံအနက် အနိမ်ဆုံး အဆင့် ၁၁၂ စာရင်းဝင်ခဲ့ရာမှ အာဏာသိမ်းပြီး ၅ နှစ်အကြာ ၂၀၂၅ ခုနှစ်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်မှု အဆင့်မှာ ၁၅၅ အထိ ကျဆင်းခဲ့သည်(Article 19, 2025)။

Freedom House အဖွဲ့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်၊ ​အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာတွင် လည်း မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၇၂ နိုင်ငံအနက် ရမှတ် ၉ ဖြင့် နောက်ဆုံးအဆင့် လွတ်လပ်ခွင့် အနိမ့်ဆုံး နိုင်ငံစာရင်းဝင်ခဲ့သည်(Freedom House, 2025)။ သုတေသနအဖွဲ့အစည်းတခုဖြစ်သည့် Data For Myanmar ၏ တွေ့ရှိချက်များအရလည်း ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၆ ဩဂုတ်လအထိ အွန်လိုင်း ထုတ်ဖော် ပြောဆို ရေးသားချက်များကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂,၀၀၀ ကျော်ရှိပြီး ၂၀၂၆ ခုနှစ် တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် သာမန်အရပ်သားများ ဖမ်းဆီးချုပ်နှောင်မှု အတိုင်း အတာ မြင့်မားခဲ့သည်ကို သိရှိရသည်(Data For Myanmar, 2026)။ ဤစာစုတွင် ၂၀၂၆ ခုနှစ် စစ်တပ်ခန့်အစိုးရ ပေါ်ပေါက်လာ ချိန်မှစ၍ စက်တင်ဘာလကုန်အထိ အွန်လိုင်းစာမျက်နှာများထက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်အား ကန့်သတ်ပိတ်ပင်မှုများကို လေ့လာသုံးသပ် ဆွေးနွေးသွားမည် ဖြစ်ပါသည်။​ အထူးသဖြင့် ကန့်သတ်ပိတ်ပင်ရာတွင် အသုံးပြုသည့် နည်းလမ်းများ၊ ဖြေရှင်းချက်နှင့် ကန့်သတ်ပိတ်ပင်မှု ကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည် နှင့်အညီ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့သားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံအခွင့်အရေးများကို လေးစားလိုက်နာ၊ ကာကွယ် မြှင့်တင် ရန် တာဝန်ရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပိုဒ် ၃၅၄ (က) တွင် နိုင်ငံသားတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်ပြု ဖော်ပြထားသော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်ခန့်အစိုးရ ပေါ်ပေါက်ဖွဲ့စည်းခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍​ စက်တင်ဘာ လကုန်အထိ အွန်လိုင်းရပ်ဝန်း/ပလက်ဖောင်းများတွင် ရေးသားဖော်ပြမှုများကို လုပ်ငန်းစဉ်/ နည်းလမ်း (၃)​ မျိုးဖြင့် ကန့်သတ်ခံနေရလျက်ရှိသည်(2008 Constitution, Art. 354(a))။ အာဏာပိုင်များသည် အဆိုပါကာလအတွင်း ဆက်သွယ်ရေးနှင့် အင်တာနက်ချိတ်ဆက်မှု နိမ့်ပါးစေခြင်း (သို့) ဖြတ်တောက်ခြင်း၊ အွန်လိုင်း အကြောင်းအရာများကို စောင့်ကြည့်လေ့လာ ထိန်းချုပ်ခြင်းနှင့် ဥပဒေအပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် အရေးယူအပြစ်ပေးခြင်းတို့ကို ဆက်လက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

မြန်မာအင်တာနက်ရပ်ဝန်းကို စောင့်ကြည့်လေ့လာနေသည့် မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ ထုတ်ပြန်ချက်များအရ​ ဤလေ့လာသုံးသပ်မှု ပြုသည့်ကာလအတွင်း မြို့နယ်ပေါင်း ၃၁ ခု တွင် မိုဘိုင်းဖုန်းကွန်ရက်နှင့် အင်တာနက်ချိတ်ဆက်မှုတို့ကို အားနည်းအောင်ပြုလုပ်ခြင်း၊ ဖြတ်တောက် ခြင်းတို့ကို ပြုလုပ်ခဲ့သည် (Myanmar Internet Project [MIP], 2026)။ အဆိုပါမြို့နယ်အများစုတွင် ဆက်သွယ်ရေးဖြတ်တောက်မှု မတိုင်မီ၊​ဖြတ်တောက်ထားစဉ်နှင့် ဖြတ်တောက်ပြီး အလွန်အချိန်များတွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု၊ ကုန်းကြောင်း ထိုးစစ်ဆင်မှု၊​ ကျေးရွာများတွင် စစ်ကြောင်းထိုးမီးရှို့မှု စသည်တို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ဥပမာအားဖြင့် ၂၀၂၆ ခုနှစ်၊​ ဇူလိုင်လ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်း၊​ ရေဖြူမြို့နယ်တွင် စစ်တပ်ဖွဲ့ ဝင်များ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများပြုလုပ်စဉ် မိုဘိုင်းဖုန်းနှင့် အင်တာနက်ချိတ်ဆက်မှု ဖြတ်တောက်ထားသည်ကို သတင်းဖော်ပြချက်များအရသိရှိရသည်။

တိုက်ရိုက် ဖြတ်တောက်ပိတ်ပင်မှုများအပြင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ အသုံးများသည့် လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်သော Facebook၊ Instagram၊ X (Twitter)၊ Wikipedia နှင့် ဆက်သွယ်ရေး ဆော့ဝဲလ်များဖြစ်သော WhatsApp ၊ Signal တို့ အသုံးပြုမှုကို တရားဝင် ပိတ်ပင်တားမြစ်ထားသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ TikTok ဆော့ဝဲလ်အသုံးပြုမှုကို ထပ်တိုးပိတ်ပင်ထားသည်(Government Directives, 2026)။ ယင်းကဲ့သို့ ဖြတ်တောက် ပိတ်ပင်မှု များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ ရပိုင်ခွင့် အခွင့်အရေးများအပေါ် အုပ်ချုပ်သူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့က ချိုးဖောက်မှုကို ဖော်ညွှန်းသည့်အပြင် အာဏာပိုင်များနှင့် ဆန့်ကျင် ဘက်အုပ်စုဝင်များအပါအဝင် အရပ်သားအားလုံးအပေါ် ဆက်လက် ဖိနှိပ်နေသည်ကို ထင်ဟပ် ဖော်ပြလျက်ရှိသည်။ အာဏာပိုင်များသည် အွန်လိုင်းရပ်ဝန်းများပေါ်ရှိ အကြောင်းအရာများကို စောင့်ကြည့် လေ့လာ ထိန်းချုပ်မှုများကို အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ငန်းယန္တရားများကို ထုတ်ပြန် ဖွဲ့စည်း၍ ကျယ်ပြန့်စွာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။​ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် လူမှုကွန်ရက်များမှတဆင့် လှုံ့ဆော်ဝါဒဖြန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပါ သက်ဆိုင်ရာပုဒ်မများအပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု တရားဝင်ကြေညာခဲ့ သည်(Official Announcement, 2022)။

အလားတူပင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် အင်တာနက်ပေါ် သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ် အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်(Government Directive, 2025)။ အဆိုပါ ကော်မတီ၏ လုပ်ငန်း တာဝန်များတွင် အွန်လိုင်းပေါ် ရေးသားပြောဆိုမှုများကို နည်းပညာကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်သောအဖွဲ့ဖြင့် ၂၄ နာရီ စောင့်ကြည့်ခြင်း၊ သတင်းတု/သတင်းမှားများကို တန်ပြန် ဆောင်ရွက် ခြင်းတို့ပါဝင်သည်။ ဤကဲ့သို့သော ဥပဒေထုတ်ပြန်ချက်များ၊ အထူးသဖြင့် သတင်းတုတိုက်ဖျက် ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ဆိုးဝါးစွာ ချိုးဖောက်မှုရှိသည်။ Article 19 ၏ လေ့လာဆန်းစစ်ချက်တွင် ယင်းကြေငြာစာသည် တရား နည်းလမ်းတကျဖြစ်မှု (legality)၊​ ကျိုးကြောင်းခိုင်လုံမှု (legitimacy)၊ မရှိမဖြစ်လိုအပ်မှု (necessity) နှင့် အချိုးအစားမမျှတမှု (disproportionality) တို့ ကင်းမဲ့ပုံကို ဝေဖန်စောကြောထားသည်(Article 19, 2025)။

အွန်လိုင်းရပ်ဝန်းပေါ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကို ရာဇဝတ်မှုတခုအဖြစ် အရေးယူ၊ တရားစွဲ၊ အပြစ်ပေးမှုများကို ပြုလုပ်လျက်ရှိသည်။ အွန်လိုင်းပေါ် ရေးသားပြောဆိုမှုများကို စောင့်ကြည့်လေ့လာပြီး ဖမ်းဆီးမှုများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေ ၂,၀၂၉ ဦး ရှိခဲ့သည်ဟု Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်(Data For Myanmar, 2026)။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ ​ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ၉ ရက်မြောက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အွန်လိုင်းပေါ် ထုတ်ဖော်ပြောဆို ရေးသားမှုများ ကြောင့် အွန်လိုင်းအသုံးပြုသူပေါင်း ၂၁,၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ပြောဆိုထားရှိ သည် (Ministry of Home Affairs, 2026)။ လူ့အခွင့်အရေးအဖွဲ့များ၏ အစီရင်ခံစာများအရ စစ်တပ်အကြီးအကဲဟောင်း ဦးမင်းအောင်လှိုင် သမ္မတရာထူး စတင်ယူသည့်အချိန်မှစ၍ စက်တင်ဘာလကုန်အထိ Facebook၊ TikTok စသဖြင့် အွန်လိုင်းပလက်ဖောင်းများတွင် ရေးသား ထုတ်ဖော် ပြောဆိုမှုများကြောင့် ဖမ်းဆီး ထိန်းသိမ်း အပြစ်ပေးခံရသူဦးရေပေါင်း ၂၄ ဦးရှိပြီဖြစ်သည် (Myanmar Internet Project (2026, August 12)),State of Freedom of Expression in Myanmar (August 2026) ။ ဤလေ့လာတင်ပြသည့် ကာလအတွင်း အာဏာပိုင်များသည် အွန်လိုင်းပေါ် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုသူအများစုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က နှင့် ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ တို့ဖြင့် တရားစွဲ ထောင်သွင်း အကျဉ်းချခဲ့သည်ကို တွေ့ရသည်။ အဆိုပါပုဒ်မများကို ကြည့်ခြင်းအားဖြင့် စစ်တပ်ခန့်အစိုးရအဖွဲ့သည် စစ်တပ်နှင့် ရဲတပ်ဖွဲ့အပါအဝင် အာဏာပိုင်နှင့် ဌာနဆိုင်ရာတို့အား ဝေဖန်ပြောဆိုမှုများ၊ လူ့အသိုင်းအဝိုင်းရှိ မညီမျှမှုများအပေါ် မေးခွန်းထုတ်မှုများနှင့် အများပြည်သူ ကြုံတွေ့နေရသော အရေးကိစ္စပြဿနာများအပေါ် ထင်မြင် ချက် မှတ်ချက်ပြုမှုများကို လျော့နည်းပပျောက်သွားစေရန် စနစ်တကျ လုပ်ဆောင်လျက်ရှိသည်ဟု ခြုံငုံသုံးသပ်နိုင်သည်။

စစ်တပ်ခန့်အစိုးရအဖွဲ့၏ မိုဘိုင်းနှင့် အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှု၊ အွန်လိုင်း ပလက်ဖောင်း များအား လေ့လာထိန်းချုပ်မှုနှင့် ဥပဒေဖြင့် တရားစွဲဆိုအပြစ်ပေးမှုတို့သည် နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများအနက် တခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးမှုအား သိသိသာသာ ယုတ်လျော့ ပပျောက်စေရုံမျှမက နိုင်ငံသားတို့၏ လူမှုဘဝအစိတ်အပိုင်းများအပေါ် တွင်လည်း နက်ရှိုင်းစွာ ရိုက်ခတ်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့်နိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခြင်းနှင့် လူမှုပလက်ဖောင်းများကို ထိန်းချုပ်အရေးယူခြင်းသည် ပညာ ရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် စသည်ဖြင့် လူမှုဘဝအရပ်ရပ်ဆိုင်ရာ မှန်ကန်သော ဆုံးဖြတ် ချက်ချနိုင်မှုကို အားနည်းစေသည်။ ထို့အပြင် သတင်းအချက်အလက် ရယူဖလှယ်မှု၊ စုံလင်ကွဲပြား သော အတွေးအမြင်၊ အတွေ့အကြုံများအား အပြန်အလှန်နားလည်မှု၊ ပဋိပက္ခအရင်းခံ စိတ်ဒဏ်ရာ များ မျှဝေသက်သာစေမှု စသည်တို့ကို အဟန့်အတားဖြစ်စေသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှု အခြေပြု၍ ​ပေါ်ပေါက်လာသော လူ့အသိုင်းအဝိုင်း၏ အပြန်အလှန် မျှဝေခံစားဖလှယ်နိုင်သည့် အလေ့အထ အားနည်းလာခြင်းသည် လူများအကြား စုစည်းညီညွတ်မှု၊ ဆွေးနွေးအဖြေရှာမှုနှင့် အတူတကွ ဝိုင်းဝန်းလုပ်ကိုင်မှု စသည့် ဖွံ့ဖြိုးသော လူမှုအသိုင်းအဝိုင်း၏ လက္ခဏာရပ်များ ပပျောက်လာခြင်း၏ ရှေ့ပြေး အကြောင်းအရင်းဟုလည်း ဆိုနိုင်ပေသည်။ တဘက်တွင်လည်း အဆိုပါ အလေ့အထသည် လူအချင်းချင်း စည်းကမ်းနှင့်အညီ ပြုမူနေထိုင်မှု၊ အများပြည်သူကိစ္စရပ်များတွင် အားလုံး ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ရှိသူတို့ကို တာဝန်ခံတာဝန်ယူစေမှု စသဖြင့် ဒီမိုကရေစီ၏ အပြန်အလှန် ဆက်စပ်လျက်ရှိသော အင်္ဂါရပ်များ ပင်ဖြစ်သည်။

ထို့ကြောင့်ပင် အွန်လိုင်းပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအား ဟန့်တားပိတ်ပင်ခြင်းသည် ဒီမိုကရေစီစံနှုန်းများ အခြေခံသည့် လူ့အသိုင်းအဝိုင်းကို မပေါ်ပေါက်စေဘဲ အာဏာရှင်စနစ်ကို ဦးတည်နေခြင်းသာဖြစ်ကြောင်း သုံးသပ် ရေးသားလိုက်ရပါသည်။