လက်နက်ကျိန်စာ မသင့်စေလို
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က လူငယ်ထောင်ပေါင်းများစွာ လက်နက်ကိုင်လမ်းစဉ်ထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ အစပိုင်းမှာတော့ “လက်နက်မရှိလို့ အနိုင်ကျင့်ခံနေရတာ” ဆိုတဲ့ ခံစားချက်နဲ့ စစ်တပ်ကို လက်နက်နဲ့ ပြန်လည်ခုခံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီဆုံးဖြတ်ချက်က မှားယွင်းတဲ့ ရွေးချယ်မှုလို့တော့ မဆိုသာပါဘူး။ ဒါပေမယ့် သမိုင်းတလျှောက် တော်လှန်ရေးများစွာက ပြသထားတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်နက်ကိုင်ပဋိပက္ခအစမှာ လူတွေက လက်နက်ကို ကိုင်တယ်လို့ ထင်ပေမယ့် နောင်တစ်ချိန်မှာ လက်နက်က လူကို ပြန်ပြီး ထိန်းချုပ်သွားတတ်ပါတယ်။ ဒီအခြေအနေကိုပဲ “လက်နက်ရဲ့ ကျိန်စာသင့်တယ်” လို့ ဆိုနိုင်ပါတယ်။
အစပိုင်းမှာ ပြည်သူကို ကာကွယ်ဖို့ ကိုင်ခဲ့တဲ့လက်နက်၊ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ကိုင်ခဲ့တဲ့ လက်နက်တွေဟာ နောက်ပိုင်းမှာ ဩဇာ၊ အာဏာ၊ ငွေကြေးနဲ့ အခွင့်ထူးတွေကို ဖန်တီးပေးတဲ့အရာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ လက်နက်များများရှိတဲ့အဖွဲ့၊ လူအင်အားများတဲ့အဖွဲ့၊ လူသိများတဲ့အဖွဲ့တွေက ပိုပြီး အရေးပါလာကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဆက်ဆံရေးမှာလည်း လက်နက်အင်အား၊ တပ်အင်အားနဲ့ နယ်မြေစိုးမိုးနိုင်မှုတွေက အာဏာနဲ့ သြဇာကို ဆုံးဖြတ်လာပါတယ်။ အဲဒီအခါ “ဘယ်သူက ပြည်သူနဲ့ ပိုနီးစပ်သလဲ” ဆိုတာထက် “ဘယ်သူက လက်နက်ပိုရှိသလဲ” ဆိုတဲ့ ယဉ်ကျေးမှုဘက်ကို တဖြည်းဖြည်း ရွေ့သွားတတ်ပါတယ်။ တချို့ဒေသတွေမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက သယံဇာတထုတ်ယူမှု၊ အခွန်အခကောက်ခံမှု၊ ကုန်သွယ်ရေးလမ်းကြောင်း ထိန်းချုပ်မှုတွေကနေ ငွေကြေးအကျိုးအမြတ် ရှာလာကြပါတယ်။
ပြည်သူတွေဆီကနေရရှိတဲ့ ထောက်ပံ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲတာ၊ ဒေသခံပြည်သူတွေကို ကန့်သတ်ချုပ်ချယ်တာ၊ အာဏာရှင်ဆန်ဆန် ဆက်ဆံတာတွေ ရှိလာပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်တွေလည်း သတင်းမီဒီယာတွေပေါ် ရောက်လာခဲ့ပါတယ်။ တော်လှန်ရေးဘက်မှာ - ဥပမာအားဖြင့် မြိုင်မြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ အာဏာအလွဲသုံးစားမှုတွေ၊ ကန့်ဘလူမြို့နယ် ပလဖရဲ့ အချုပ်ခန်းထဲက မုဒိမ်းမှုတွေကလည်း လက်နက်တွေရဲ့ အစွန်းထွက်ပြဿနာပါ။ ဒီလိုဖြစ်ရပ်တွေကို ကြည့်ရင် စစ်တပ်ကိုတော်လှန်ဖို့ ကိုင်ခဲ့တဲ့ လက်နက်တချို့ဟာ ပြည်သူကို ပြန်ဖိနှိပ်ဖို့ အသုံးချနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
လက်နက်ကိုင်ထားသူတစ်ယောက် ရပ်ရွာထဲ ဝင်ထွက်သွားလာတဲ့အခါ လူတွေက ကြောက်ရွံ့ရိုသေမှုနဲ့ ဆက်ဆံတတ်ကြပါတယ်။ အာဏာရှင်ကို တွန်းလှန်နေတဲ့သူတွေမို့လို့ တလေးတစား ဆက်ဆံတာမျိုးတွေလည်း ရှိပါတယ်။ အဲသလို လေးစားမှုနဲ့ ကြောက်ရွံ့ရိုသေမှုအပေါ်မှာ တဖြည်းဖြည်းသာယာပြီး ငါတို့က အာဏာရှိတယ် ဆိုတဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီ အာဏာရဲ့ အရသာကို စွဲလမ်းလာတဲ့အခါ လက်နက်ကို မူလရည်ရွယ်ချက်အတွက် မဟုတ်ပဲ ကိုယ်ကျိုး၊ အဖွဲ့အစည်းအကျိုး၊ ဩဇာအာဏာ ချဲ့ထွင်မှုတွေအတွက် အသုံးချလာပါတယ်။
ဘယ်လက်နက်ကိုင်မှ ပြည်သူဘက်ကို သေနတ်ပြောင်း ပြန်မလှည့်သင့်ပါဘူး။ ဒီအချက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသာ ပြောရမယ့်စကား မဟုတ်ပါဘူး။ လက်နက်ကိုင်ထားတဲ့သူအားလုံး လိုက်နာရမယ့်အချက်ပါ။ အထူးသဖြင့် တော်လှန်ရေးကာလလို ဥပဒေစိုးမိုးမှုအားနည်းတဲ့ အခြေအနေမျိုးမှာ လိုက်နာဖို့ ပိုအရေးကြီးပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအပေါ် အရပ်ဘက်ထိန်းချုပ်မှု ရှိမနေရင် ဒီပြဿနာက ပိုဆိုးလာနိုင်ပါတယ်။ “တော်လှန်ရေးလုပ်နေတာမို့ အမှားအယွင်းတော့ ရှိမှာပဲ” ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှားတွေကို မမြင်ချင်ယောင် ဆောင်နေမယ်ဆိုရင် အဲဒီအမှားတွေက နောက်ပိုင်းမှာ ပိုကြီးတဲ့အန္တရာယ်အဖြစ် ပြန်ပေါ်လာပါလိမ့်မယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးဦးဆောင်သူတွေ၊ ဥပဒေပညာရှင်တွေ၊ သုတေသီတွေ၊ CDM စစ်တပ်အရာရှိတွေ၊ နိုင်ငံတကာ အတွေ့အကြုံရှိသူတွေ အားလုံး ဝိုင်းဝန်းဆွေးနွေးဖို့ လိုပါတယ်။ ထိခိုက်နစ်နာတဲ့ ပြည်သူတွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာဖို့လိုသလို စည်းကမ်းချိုးဖောက်သူတွေကိုလည်း ဘယ်သူပဲဖြစ်ဖြစ် တရားမျှတစွာ အရေးယူနိုင်ဖို့ လိုပါတယ်။
