တရားစီရင်တိုင်း တရားမျှတမှု ရပါသလား

မညီမျှသော တရားမျှတမှု

မြန်မာနိုင်ငံရဲ့ အရပ်ဒေသတစ်ခုမှာ လူသတ်မှုကျူးလွန်သူတစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ပေမယ့် အခြားဒေသတစ်ခုမှာတော့ အလားတူပြစ်မှုအတွက် လျော်ကြေးငွေပေးလိုက်ရုံနဲ့ ကျူးလွန်သူက လွတ်မြောက်သွားပါတယ်။ တစ်နေရာမှာက ထောင်ဒဏ်နဲ့ တခြားတစ်နေရာမှာ လျော်ကြေးငွေ။ တူညီသော အမှုအခင်း၊ သို့မဟုတ် ကျူးလွန်မှုအတွက် မတူညီသောပြစ်ဒဏ်တွေ ရှိနေခြင်းက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်တကျ မရှိနိုင်တဲ့ အခြေအနေမှာ လက်တွေ့ကြုံတွေ့နေရတာပါ။ ယနေ့ ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးမှာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်၊ တိုင်းရင်းသားမျိုးနွယ်စု အလိုက် ကျင့်သုံးကြတဲ့ တရားစီရင်ရေး၊ တချို့ ရပ်ရွာဒေသအလိုက် ကျင့်သုံးကြတဲ့ ထုံးတမ်းစဉ်လာ တရားစီရင်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့တွေက စီရင်ဆုံးဖြတ်တဲ့ တရားစီရင်မှုတွေ စသည်ဖြင့် ကွဲပြားနေခြင်းက အနာဂတ် ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသလို ပြည်သူတစ်ဦးချင်းစီအတွက်လည်း ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပါတယ်။

တရားစီရင်ရေး ဘာကြောင့် မညီမျှရသလဲ

တရားစီရင်ရေးစနစ်က အောက်ပါ အကြောင်းအချက်တွေကြောင့် ကွဲပြားနေပါတယ်။ ဥပဒေသက်ရောက်မှု။ ပထမဆုံးကတော့ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်က မြို့ပြကြီးတွေမှာသာ အသက်ဝင်ပြီး တိုင်းရင်းသားဒေသတွေနဲ့ ကျေးလက်ဒေသတွေမှာ အသက်ဝင်မှု နည်းပါးပါတယ်။ ဓလေ့ထုံးတမ်း မတူညီမှု။ ကျူးလွန်မှုအတွက် ဒေသအလိုက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေက ကွဲပြားနေကြပါတယ်။ ဥပမာအားဖြင့် ဝဒေသမှာ ပြန်ပေးဆွဲမှုအတွက် သေဒဏ် ချမှတ်တာမျိုး တွေ့ရပါတယ်။ လက်နက်ကိုင်တရားစီရင်မှု။ တချို့လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တရားစီရင်ရေးစနစ် ထူထောင်ထားကြပါတယ်။ တပ်ဖွဲ့ရဲ့ အကြီးအကဲကနေ ပြစ်မှုကျူးလွန်သူအပေါ် တိုက်ရိုက်တရားစီရင်မှု ပြုလုပ်တာမျိုးပါ။ ကင်းလွတ်ခွင့်။ တိုက်ပွဲတွေ ဖြစ်နေချိန်၊ နယ်မြေဒေသ မတည်ငြိမ်တဲ့အချိန်မှာ တရားစီရင်ရေးဆောင်ရွက်ဖို့ အခြေအနေ မပေးတဲ့အခါ အဖြစ်သဘောလောက် စီရင်လိုက်တာမျိုးကနေ လုံးဝ မစီရင်နိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်နိုင်ပါတယ်။

တရားစီရင်တိုင်း တရားမျှတမှု ရရဲ့လား

တူညီသောကျူးလွန်မှုအတွက် မတူညီသော ပြစ်ဒဏ်တွေကို ကြုံတွေ့ရတဲ့အခါ တရားမျှတမှုကို တရားစီရင်ရေးစနစ်က ဆောင်ကြဉ်းပေးနိုင်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ပထမဆုံးက ကာယကံရှင်ပါ။ မတူညီတဲ့ပြစ်ဒဏ်က ကျူးလွန်သူအတွက် တရားမျှတမှု ရရဲ့လားဆိုတာ အငြင်းပွားစရာပါ။ သူတို့ရဲ့ မိသားစုဝင်တွေကရော ဒီလိုစီရင်မှုတွေကို တရားမျှတတယ်လို့ ခံစားရပါ့မလား။ မျိုးနွယ်စုအလိုက် ကွဲပြားမှုတွေ။ ကျူးလွန်သူနဲ့ အကျူးလွန်ခံရသူတွေ မျိုးနွယ်မတူညီခဲ့ရင် ဘယ်လိုစီရင်မလဲ ဆိုတာလည်း တကယ့် မြေပြင်ပြဿနာပါ။ ဒီကြားထဲ ဘာသာရေးအရ ကွဲပြားရင်လည်း ဖြေရှင်းရ ပိုခက်သွားစေပါတယ်။ ဒါ့အပြင် ကျူးလွန်မှုဖြစ်တဲ့ ရပ်ရွာရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဖြေရှင်းကြလားဆိုတာတွေက ငြင်းခုံစရာဖြစ်နေဆဲပါ။ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော ပြစ်ဒဏ်တွေ။ လူ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ပြစ်ဒဏ်ပေးမှုတွေကရော မျှတတဲ့ တရားစီရင်မှုလား။ ဥပမာ ကြိမ်ဒဏ်ပေးတာ၊ လူပုံအလယ်မှာ ပြသတာ၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာအောင်ပေးတဲ့ ပြစ်ဒဏ်တွေကိုလည်း ပြန်စိစစ်သင့်ပါတယ်။

ဒီပြဿနာရဲ့ အကျိုးဆက်တွေ

တပြေးညီမရှိတဲ့ ပြစ်ဒဏ်ပေးခြင်းတွေကြောင့် တရားစီရင်ရေးအပေါ်မှာ ပြည်သူတွေက ယုံကြည်မှု ကင်းမဲ့လာနိုင်ပါတယ်။ တရားစီရင်ရေးကို မယုံကြည်တဲ့အခါ ကိုယ်တိုင် လက်စားချေပြီး တရားမျှတ မှုကို ကိုယ်တိုင် ရယူတတ်ပါတယ်။ တချို့ဆိုရင် မျိုးဆက်နဲ့ချီပြီး ရန်ငြိုးဖွဲ့တတ်ကြပါတယ်။ ဒါ့အပြင် ပြစ်မှုကျူးလွန်မှု၊ အငြင်းပွားမှုဖြစ်လာရင် ကိုယ့်တရားစီရင်ရေးကိုပဲ အသိအမှတ်ပြုဖို့ ကြိုးစားကြပါတယ်။ ပဋိပက္ခတွေ ပြီးဆုံးတဲ့အချိန်မှာ လူအုပ်စုတွေကြားမှာ ပြန်လည်သင့်မြတ်ဖို့ ခဲယဉ်းသွားတတ်ပါတယ်။

ဖြေရှင်းရမယ့် နည်းလမ်းတွေ

ဗဟိုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေကြားမှာ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်ရပါမယ်။ လုပ်ထုံးလုပ်နည်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တူညီစေဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ (Criminal Procedure Code) လိုမျိုးကို ရေးဆွဲရပါမယ်။ အနိမ့်ဆုံး အမြင့်ဆုံး ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပြဌာန်းနိုင်ဖို့ လိုပါတယ်။ အသွင်ကူးပြောင်းရေး တရားစီရင်ရေးဥပဒေ‌ (Transitional Justice Law) တစ်ရပ်ကို ပြဌာန်းဖို့လိုပါတယ်။ ဓလေ့ထုံးတမ်းဥပဒေတွေကို လုံးဝ ဖျက်သိမ်းတာမျိုးမဟုတ်ပဲ ဖက်ဒရယ်စနစ်အတွင်း ပေါင်းစပ် ထည့်သွင်းလို့ ရပါတယ်။ ဒါ့အပြင် တရားစီရင်ရေးအဖွဲ့တွေကို အရည်အချင်းပြည့်ဝအောင် လေ့ကျင့် ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီနဲ့ လက်ရှိ တရားစီရင်ရေးစနစ်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်ပြီး စစ်ဆေးမွမ်းမံဖို့ လိုပါတယ်။

နိဂုံး တရားစီရင်ရေးစနစ်ဆိုတာ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ တရားမျှတမှုဆိုတာ တစ်ဦးချင်း ဒါမှမဟုတ် ဒေသတစ်ခုအတွက်သာ မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်ရမှာပါ။ ပြည်သူတွေအပေါ် လေးလံဖိစီးစေသော တရားစီရင်မှုစနစ်မျိုးက ရေတိုမှာရော ရေရှည်မှာပါ တိုင်းပြည်အတွက် ကောင်းကျိုးမထွက်စေပါဘူး။ တရားမျှတမှုမရှိတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးက ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး။ —