သူရဲကောင်း နိုင်ငံရေး
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဥ်ဟာ နှစ်ပေါင်းများစွာ အချုပ်၊ ထောင်၊ နှိပ်စက်ညှဥ်းပန်းမှု၊ စစ်ပွဲနဲ့ အနိဋ္ဌာရုံတွေကို ကျော်ဖြတ်ခဲ့ကြရပါတယ်။ အာဏာရှင်များစွာ အပြောင်းအလဲ ဗလောင်းဗလဲကြားမှာ အကောင်းပကတိ ကြွင်းကျန်ခဲ့တဲ့ နုလုံးသားတွေ၊ ဒဏ်ရာမပါတဲ့ အရေပြားတွေဆိုတာ မရှိသလောက်ပါဘဲ။ တက်ကြွလှုပ်ရှားမှု ကြိမ်နှုန်းပိုများလေလေ ဒဏ်ရာတွေ မျက်ဝါးထင်ထင် မြင်ရလေလေပါပဲ။
အခြားသော လွတ်လပ်ရေးတိုက်ပွဲတွေနဲ့ မခြားဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတာ စွန့်လွှတ်စွန့်စားရတာချည်းပါပဲ။ ကမ္ဘာပေါ်က အရက်စက်ဆုံး စစ်တပ်ကို တော်လှန်ရတယ်ဆိုတာ အသက်၊ ဘဝ ရှိရှိသမျှကို စတေးရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ပါ။ ဒီတော့ လူတိုင်း မပါဝင်နိုင်သလို ရွတ်ရွတ်ချွံချွံ ပေးဆပ်သူတွေအတွက် ကရုဏာနဲ့ ချီးကျူးထောမနာပြုမှုကိုလည်း လူထုဆီက တနင့်တပိုး ရတတ်ကြပါတယ်။ တကယ်လည်း မြန်မာ့နိုင်ငံရေးသမား အများစုဟာ လက်တွေ့ဘဝက စူပါဟီးရိုးတွေ ဖြစ်ကြပါတယ်။
၂၀၁၅ NLD ပါတီ အာဏာရစဥ်က ထောင်ထွက်အများစုကို နေရာပေးတယ်ဆိုပြီး ပြစ်တင် ဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီတိုက်ပွဲတလျှောက် စွန့်လွှတ်စွန့်စား အနစ်နာခံသူများကို ပြန်လည်ချီးမြှောက်တဲ့ ကြိုးစားမှု တစိတ်တဒေသပဲလို့ ယူဆသူတွေလည်း ရှိခဲ့ပါတယ်။
ဒေါက်တာညီညီကျော်ရဲ့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဆောင်းပါးကို ကိုးကားဖော်ပြရရင် အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေဟာ ပရဟိတအခြေခံဖြစ်တာ ကြောင့် တာဝန်ခံခိုင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ လူအများစုရဲ့အမြင်မှာ သူရဲကောင်းဘွဲ့ရသူ တွေကို ဝေဖန်ဖို့ဆိုတာ အင်မတန် ခဲယဥ်းတဲ့အလုပ် ဖြစ်ပါတယ်။ အရိပ်နေနေ အခက်ချိုးချိုးလို့ပဲ ပြောမလား၊ အားမနာ ရှာမကျိုးလို့ဆိုမလား … ဒီလို မဝေဖန်နိုင်တဲ့အခါ နိုင်ငံရေးနယ်ပယ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍဟာ ချို့ယွင်းချက်တွေ များပြားလာတယ်လို့ အဲဒီဆောင်းပါးက ထောက်ပြဝေဖန်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာလည်း ပေးဆပ် စွန့်လွှတ် အနစ်နာခံမှု အနည်းနဲ့အများ ရှိခဲ့ကြသူတွေပါပဲ။ ဒီလူတွေကို သူရဲကောင်းများအဖြစ် ချီးကျူးအသိအမှတ်ပြု နေရာပေးတယ်ဆိုတာလည်း မှားယွင်းတဲ့လုပ်ရပ် မဟုတ်ပါဘူး။ သို့သော် အဝေဖန်ခံရဲသူတွေ မဟုတ်ကြတဲ့အခါ သူတို့အပေါ် ဝေဖန်ထောက်ပြရဲသူတွေလည်း နည်းသထက် နည်းလာပါတယ်။ တော်လှန်ရေးမှာ ဝေဖန်ရဲဖို့ဆိုရင် ဘယ်လောက် ထဲထဲဝင်ဝင် ပါဝင်ထားလဲ ဆိုတဲ့မေးခွန်းကို ဖြေဖို့လို သလို မြေပေါ်မြေအောက် ဘယ်တော်လှန်ရေးမှာ ပါနေတာလဲ ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။
တော်လှန်ရေးကြီး အောင်ဖို့ဆိုတဲ့ ပန်းတိုင်ကြီးကြောင့်လည်း ရန်သူကိုသာလျှင် ဝေဖန်ရမယ်ဆိုတာမျိုး ခံယူထားသူတွေကလည်း များလှပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်နေသရွေ့ မှားနေရင်တောင် မှားပုံမှားနည်း မှန်တယ်လို့ ဖုံးဖိပေးချင်သူတွေလည်း ရှိလာပါတယ်။ စစ်အာဏာရှင်ဆိုတဲ့ အမျိုးက လည်း လူထုကို အသက်ရှူပေါက်တောင် မပေးတော့ အနည်းဆုံးတော့ တော်လှန်ရေးသမားတွေကမှ လူထုကို စေတနာထားပါသေးတယ် ဆိုတဲ့အတွေးလည်း ဝင်ချင်စရာပေါ့။
ဒါပေမဲ့ နိုင်ငံ့ဦးဆောင်မှုကဏ္ဍမှာ ပါဝင်နေသူတွေကို ထင်တိုင်းကြဲခွင့် ပေးထားတာက ကြီးမားတဲ့ ပေးဆပ်မှုတော့ ရှိစမြဲပါပဲ။ သမိုင်းမှတ်တမ်း ဥပမာတခုအနေနဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကာလ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းကို ကြည့်ရအောင်ပါ။ ခေါင်းဆောင်မှုအပိုင်းမှာ အငြင်းပွါးမှုတွေ များစွာ ရှိနေတဲ့ ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဖယ်ရှားဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗိုလ်ချုပ် ကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဟာ ဖက်စစ်ဂျပန် တော်လှန်ရေး အောင်ဖို့ကို ရှေ့ရှုကာ စိတ်ရင်းမကွဲသင့်ကြောင်း ယူဆတာကတကြောင်း၊ ဗိုလ်နေဝင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ထောက်ထားတာကတကြောင်းကြောင့် အရေးယူဖို့ နောက်ဆုတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကျော်ဇောက ဆိုပါတယ်။
ဒီတော့ သမိုင်းတကွေ့မှာ အမှားခြေရာတထပ်ထဲ သမင်လည်ပြန်နေပြီလားလို့ မေးစရာရှိပါတယ်။ တော်လှန်ရေးတက်နေဝန်းတွေဟာလည်း အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင် ရုပ်ဆင်းလက္ခဏာ တွေကို မသိလိုက်မသိဖာသာ မွေးမြူနေမိကြတာကို တော်လှန်ရေးအောင်ဖို့ကတကြောင်း၊ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံခဲ့မှုတွေကို မျက်နှာနာတာက တကြောင်းနဲ့ ဝေဖန်ထောက်ပြဖို့၊ အရေးယူနိုင်ဖို့ ခဲယဉ်းနေကြပါတယ်။
နိုင်ငံရေးဦးဆောင်မှုတာဝန်ကို ယူထားသူတွေမှာလည်း ဆင်ခြင်သုံးသပ်ခြင်းနဲ့ လွဲမှားမှုတွေကို ပြန်လည်ပြင်ဆင်ခြင်း အင်မတန် အားနည်းလှပါတယ်။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ကိုယ့်လူ၊ ကိုယ့်ဘက်သားတွေကိုလည်း ပြတ်သားစွာ အရေးယူနိုင်တဲ့၊ ပြောင်းလဲပြင်ဆင်နိုင်တဲ့ အနေအထားတခုကို ပြန်လည်ပျိုးထောင်ဖို့ လိုနေပါတယ်။ အထူးသဖြင့် တော်လှန်ခြင်းဟာ ရေရှည် တိုက်ပွဲ ဖြစ်လာမယ့် အခြေအနေမှာဆိုရင်ပေါ့။
အစွန်းမရောက်လှသော သိမှုမှာလည်း နိုင်ငံ့အာဇာနည်တွေ၊ သူရဲကောင်းတွေကို ထိုက်တန်တဲ့ ဂုဏ်ပြုမှု၊ ချီးမြောက်မှု၊ အသိအမှတ်ပြုမှုကိုတော့ ပေးဖို့လိုပါတယ်။ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝစာမျက်နှာ တွေ ကြမ်းတမ်းလွန်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ၊ အစွန်းရောက်တတ်တဲ့ အယူအဆတွေ၊ လူမှုဘဝနဲ့ ပွတ်တိုက်မှုတွေကို သတိပြုမိကြဖို့ လိုပါတယ်။ ဦးဆောင်မှုအပိုင်း အားနည်းတဲ့အခါ ဝေဖန်ရဲရမှာဖြစ်သလို အနာတရများတဲ့ လူသားတွေဆိုတာကို နားလည်ပြီး ကိုင်တွယ်ဖြေရှင်းတတ်ကြ ဖို့လည်း လိုပါတယ်။ အခုဆို နိုင်ငံပေးတဲ့ စိတ်ဒဏ်ရာကို မျိုးဆက်အလိုက် မချိတင်ကဲ ထပ်ပြီး ခံစားနေကြရပြန်ပါပြီ။ ဒီဒဏ်ရာတွေကနေ ယိုယွင်းတဲ့ ဦးဆောင်မှုတွေဆီကိုလည်း ထပ်မံပြီး ဦးတည် သွားနေနိုင်သလို အိမ်မက်ဆိုးတွေကြား ပိတ်မိနေတဲ့ သူရဲကောင်းတွေ ကိုယ့်အသက်ကိုယ် နုတ်ယူ လောကကို နှုတ်ဆက်သွားတဲ့ အဖြစ်တွေကိုလည်း ထပ်ကြုံနိုင်ဖွယ်ပါပဲ။
