ငြိမ်းချမ်းရေးနှင့် လူငယ်ထု၏ စစ်မှန်သောပါဝင်မှု
ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သော ငြိမ်းချမ်းရေး (positive peace) ကို တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါဆုံးဖြစ်ကြောင်းကို နိုင်ငံတကာသုတေသနများနှင့် ကုလသမဂ္ဂ၏ Youth, Peace and Security Agenda (UNSCR 2250) က အတည်ပြုပြထားပြီးဖြစ်သည်။ လူငယ်များသည် ပဋိပက္ခ၏ အဓိက ထိခိုက်ခံရသူများ ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးဖန်တီးရာတွင် အဓိက ပါဝင်ဆောင်ရွက်နိုင်သူများလည်း ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို အလှပြအဖြစ်သာ မက ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်အထိ အမှန်တကယ် ပါဝင်ခွင့်ပေးခြင်း မရှိပါက ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရေရှည် အောင်မြင် နိုင်မည် မဟုတ်ကြောင်းကိုလည်း သုတေသနများက ထောက်ပြထားသည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရှင်စနစ်အောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် လူငယ်များ၏ ပါဝင်နိုင်မှုသည် နိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုများကြောင့် ပြင်းထန်စွာ ကန့်သတ်ခံနေရသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုစည်းဖွဲ့စည်းခွင့်နှင့် နိုင်ငံရေးအမြင်ကွဲပြားမှုများကို ဖိနှိပ်ထားသည့် အခြေအနေအောက်တွင် “လူငယ်ပါဝင်မှု” ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အမှန်တကယ် ပါဝင်မှုလား၊ နိုင်ငံရေးအလှပြတစ်ရပ်သာလား ဆိုသည့် မေးခွန်းကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်။ ယင်းအခြေအနေအောက်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်က နေပြည်တော်၌ ကျင်းပခဲ့သော “မြန်မာလူငယ်ငြိမ်းချမ်းရေးဖိုရမ်” သည် လူငယ်များအတွက် အမှန်တကယ် လွတ်လပ်သော ငြိမ်းချမ်းရေးပလက်ဖောင်း တစ်ခုလား၊ သို့မဟုတ် စစ်အုပ်စု၏ နိုင်ငံရေးတရားဝင်မှုကို ဖန်တီးရန် အသုံးချထားသည့် နိုင်ငံရေးပလက်ဖောင်း တစ်ခုသာလား ဆိုသည်ကို အလေးအနက်ထား၍ သုံးသပ်ရန် လိုအပ်လာသည်။ ယင်းဖိုရမ်ကို စစ်တပ်ဦးဆောင်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဦးဆောင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေသစ်တွင် လူငယ်များ၏ ပါဝင်မှုကို မြှင့်တင်လိုကြောင်း ရည်ရွယ်ထားသည်ဟု ဖော်ပြထားသည်။
ဖိုရမ်အပြီး ထုတ်ပြန်ခဲ့သော လူငယ်ကြေညာစာတမ်းတွင် လူငယ်ကွန်ရက်ဖွဲ့စည်းရေး၊ လူငယ်ဦးဆောင်စီမံချက်များ အကောင်အထည်ဖော်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ဖြိုးရေး စသည့် နယ်ပယ်များတွင် လူငယ် စွမ်းရည် မြှင့်တင်ရေးတို့ကို ဖော်ပြထားသည်။ သို့သော် ယင်းအချက်များသည် အပြင်ပန်းအားဖြင့် လူငယ်များကို အရေးပါသည့် အင်အားစုအဖြစ် သတ်မှတ်ထားသကဲ့သို့ မြင်ရစေသော်လည်း လက်တွေ့တွင် လူငယ်များ၏ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ခွင့်၊ တွေးတောဆင်ခြင်ခွင့်တို့ကို အခြေခံထားခြင်းမရှိသည်ကို တွေ့ရသည်။ အတွေးဘောင်ခတ်ထားပြီး ပါးစပ်၊ နား၊ မျက်လုံးတို့ကို ပိတ်ထားသည့် လက်ညှိုးထောင် ခေါင်းငြိမ့် ပါဝင်မှုမျိုးဖြစ်နေသည်ကို တွေ့ရှိရသည်။
ဖိုရမ်၏ အတွင်းပိုင်းလုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်လျှင် လူငယ်များ၏ ဆွေးနွေးခွင့်၊ မေးခွန်းထုတ်ခွင့်များကို ကြိုတင်ကန့်သတ်ထားပြီး စစ်အုပ်စု၏မူဝါဒနှင့် မကိုက်ညီသည့် အမြင်များကို ထုတ်ဖော်ခွင့်မပြုကြောင်း တွေ့ရသည်။ ယင်းသည် လူငယ်များကို လွတ်လပ်သော ငြိမ်းချမ်းရေးအင်အားစုအဖြစ် ဖွံ့ဖြိုးစေရန်မဟုတ်ဘဲ “စီမံခန့်ခွဲထားသော ပါဝင်မှု” အောက်တွင် ထိန်းချုပ်အသုံးချနေသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပိုမိုထင်ရှားစေသည်။
ဤဖြစ်စဉ်ကို “ဆပ်ကပ်ထဲက မျောက်ကလေး” ဥပမာဖြင့် ရှင်းလင်းနိုင်သည်။ ယင်းပါဝင်မှုသည် အပြင်ပန်းတွင် လူငယ်များကို နိုင်ငံရေးလုပ်ငန်းစဉ်များအတွင်း ထည့်သွင်းထားသကဲ့သို မြင်ရသော်လည်း အမှန်တကယ်တွင် လူငယ်များကို ကိုယ်ပိုင်အသံမရှိသည့် နိုင်ငံရေးသရုပ်ဖော်ပစ္စည်းများအဖြစ် အသုံးချနေခြင်းသာဖြစ်သည်။ ဆပ်ကပ်ထဲက မျောက်ကလေးက ကြိုးတန်းပေါ် လမ်းလျှောက်နေသည့်အချိန်တွင် လွတ်လပ်နေသကဲ့သို့ မြင်ရသော်လည်း အမှန်တကယ်တော့ ကြိုးပြတ်သွားပါ က ပြိုကျသွားနိုင်သည့် အခြေအနေတစ်ရပ်အောက်တွင်သာ ရှိနေသကဲ့သို့ ဖြစ်ပါသည်။ သို့ရာတွင် ဆပ်ကပ်ကြည့်သူအားလုံးက နောက်ကွယ်တွင် မျောက်ထိန်းက တုတ်နှင့် စောင့်နေသည်ကို သိထားသည်။ ယင်းကြောင့် မျောက်ကလေးသည် ကိုယ်ပိုင်လွတ်လပ်မှုဖြင့် လှုပ်ရှားနေသကဲ့သို့ မြင်ရသော်လည်း အမှန်တကယ်တွင် လေ့ကျင့်သူ၏ ကြိုးကိုင်မှုအောက်တွင်သာ လှုပ်ရှားနေရသည်။ စစ်အုပ်စုသည် အထူးသဖြင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့ပြဒေသများရှိ တက္ကသိုလ်များမှ လူငယ်များကို ရွေးချယ် ကာ လူငယ်ထုတစ်ရပ်လုံး ငြိမ်းချမ်းရေးကို နိုင်ငံရေးအားဖြင့် အဖြေရှာလိုကြောင်း ဆန္ဒရှိနေသကဲ့သို့ ပုံဖော်နေသည်။ သို့သော် ယင်းပုံရိပ်၏ နောက်ကွယ်တွင် လူငယ်များ၏အသံကို ကိုယ်စားမပြုနိုင်သည့် အခြေအနေတစ်ရပ်သာ ရှိနေသည်။
အခြားတဘက်တွင် စစ်အုပ်စုသည် ၎င်းတို့၏အာဏာကို ဆန့်ကျင်နေသည့် နိုင်ငံရေးအင်အားစုများ၊ လူထုလှုပ်ရှားမှု များနှင့် ဆက်နွယ်နေသည့် လူငယ်များကို မတရားဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ အချို့အခြေအနေများတွင် သတ်ဖြတ်ခြင်းများကို အကြီးအကျယ် ဆောင်ရွက်လျက်ရှိနေသည်မှာ ငြင်းဆန်မရသည့် အမှန်တရားဖြစ်ပါသည်။ လူငယ်ထု၏ လွတ်လပ်စွာ စဉ်းစား ခွင့်၊ ပြောဆိုခွင့်နှင့် စုစည်းလှုပ်ရှားခွင့်များကို ဖိနှိပ်ထားသည့် အခြေအနေအောက်တွင် “လူငယ်ပါဝင်မှု” ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အကြောင်းအရာနှင့် မကိုက်ညီသော နိုင်ငံရေးအလှပြမှုသာ ဖြစ်နေသည်။ ထို့အပြင် စစ်အုပ်စုသည် လူငယ်ထုကို နိုင်ငံ၏ အနာဂတ်အဖြစ် မမြင်ဘဲ စစ်မှုထမ်းဥပဒေအောက်တွင် အသုံးချနိုင် သည့် လူသားအရင်းအမြစ် အင်အားစုအဖြစ်သာ ရှုမြင်နေကြောင်းလည်း ထင်ရှားပါသည်။ လူငယ်များ၏ ဘဝရွေးချယ်ခွင့်၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလန်းများကို အလေးမထားဘဲ စစ်ရေးရည်ရွယ်ချက်အတွက် ခေါ်ယူအသုံးချလိုသည့် မူဝါဒသည် လူငယ်ထုအတွင်း ကြောက်လန့်မှုနှင့် မလုံခြုံမှုကို ပိုမိုမြင့်မားစေသည်။ ယင်းအခြေအနေများ၏ အကျိုးဆက်အဖြစ် စစ်အုပ်စုက ပြောဆိုနေသည့် လူငယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြားတဘက်တွင် ပြည်ပသို့ ရွှေ့ပြောင်းထွက်ခွာသည့် လူငယ်ဦးရေသည် ဆက်လက်တိုးမြင့်နေဆဲဖြစ်ပါသည်။ နိုင်ငံအတွင်း၌ လုံခြုံမှု၊ အခွင့်အရေးနှင့် အနာဂတ်ကို မမြင်နိုင်သော လူငယ်များအတွက် ပြည်ပရွှေ့ပြောင်းခြင်းသည် ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘဲ မဖြစ်မနေ လမ်းကြောင်းတစ်ရပ်အဖြစ် ပြောင်းလဲလာနေပါသည်။
စစ်အုပ်စု၏ လူငယ်မူဝါဒနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များသည် လူငယ်များကို လွတ်လပ်သော နိုင်ငံရေးအင်အားစု အဖြစ် ဖွံ့ဖြိုးစေရန်မဟုတ်ဘဲ စစ်အုပ်စု၏ မူဝါဒများကို ထောက်ခံပြောဆိုပေးနိုင်မည့် နိုင်ငံရေးလက်ဝေခံ အင်အားစုအဖြစ် မွေးမြူရန် ကြိုးပမ်းနေသည့် မဟာဗျူဟာတစ်ရပ်သာ ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ လူငယ်များကို ရွေးချယ်စီမံကာ လေ့ကျင့် သင်ကြားခြင်း၊ သဘောထားတူအောင် ပြုပြင်ညှိနှိင်းခြင်းနှင့် စစ်အုပ်စု၏ နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် တရားဝင်မှု ပေးစွမ်းနိုင်မည့် မျိုးဆက်သစ် လူငယ်အုပ်စုကို ဖန်တီးရန် ရည်ရွယ်ထားသည့်သဘောရှိသည်။ စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ နောင်တော်ကြီးများကဲ့သို မဆလ၏ လမ်းစဉ်လူငယ်၊ နဝတ၏ ပြည်ခိုင်ဖြိုးအသင်းကဲ့သို ယခုအခါ လူငယ်ဖိုရမ် ဟူသောအမည်ကို အစားထိုးပြီး အင်အားစု တည်ဆောက်နေသည့် အခြေအနေပင်ဖြစ်သည်။ မျိုးဆက်သစ် လူငယ်ထုအပေါ် အတွေးအခေါ်၊ နိုင်ငံရေးသဘောထားနှင့် အဖွဲ့အစည်းဖွဲ့စည်းပုံများကို စနစ်တကျ လွှမ်းမိုး ထိန်းချုပ်နိုင်ရေးသည်လည်း ယင်း မဟာဗျူဟာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ယင်း လုပ်ဆောင်ချက် များသည် လူငယ်များ၏ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ခွင့်ကို မြှင့်တင်ပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုအတွက် အသုံးချနိုင်သည့် နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲ သုံးစွဲလိုသော ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
References: United Nations. (n.d.). Youth, peace and security: A guide. United Nations. https://www.un.org/en/peace-and-security/youth-peace-and-security-guide Ministry of Information. (2026, January 16). Youth Peace Forum 2026: Youth declaration [Press release]. Government of the Republic of the Union of Myanmar. https://www.moi.gov.mm/news/79157 Phyo, & Pearl. (2025, December 26). Youth Peace Forum planned with broad participation of young people aged 18–35. NSS Myanmar. https://www.nssmy.com/news_detail/18793/14/16?qq=Youth%20Peace%20Forum%20planned%20with%20broad%20participation%20of%20%20young%20people%20aged%2018%E2%80%9335 Ministry of Information. (2026, January 12). Enthusiastically welcome the Youth Peace Forum 2026 [Press release]. Government of the Republic of the Union of Myanmar. https://www.moi.gov.mm/moi:eng/article/1999 —
