နှစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် သံချပ်အစဉ်အလာ
မြန်မာနှစ် တန်ခူးလရောက်တိုင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သည့် ပွဲတော်တစ်ခုရှိသည်။ ထိုပွဲတော်မှာ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် ဖြစ်ပါသည်။ သင်္ကြန်ပွဲ သည် မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် အစည်ကားဆုံးနှင့် ပြည်သူလူထုအားလုံး ပါဝင် ဆင်နွှဲကြသည့် အရေးပါဆုံးသော နှစ်ကူးပွဲတော်ဖြစ်သည်။ ရေသဘင်ပွဲတော် ဟူသောအသွင်ဖြင့် လူသိ များသည့်ပွဲတော်သည် ပျော်ရွှင်မှုသက်သက်မျှသာမဟုတ်ဘဲ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၊ ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များနှင့် လူမှုဘဝ ပြောင်းလဲမှုများကိုပါ ထင်ဟပ် လှစ်ဟ ပြဆိုနေပါသည်။ သင်္ကြန်ပွဲတော်၏ အထူးခြားဆုံး အင်္ဂါရပ်တစ်ခုမှာ ရေကစားခြင်းနှင့်အတူ တွဲဖက်ပါဝင်လာသော “သံချပ်ထိုး” ဓလေ့ဖြစ်သည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်၏ သမိုင်းကြောင်း၊ ဒဏ္ဍာရီလာ ဇာတ်လမ်းများမှ သည် ခေတ်အဆက်ဆက် ပြောင်းလဲလာပုံနှင့် ရိုးရာအစဉ်အလာ၏ တစိတ်တပိုင်းဖြစ်သော သံချပ်ထိုး သည့်အကြောင်းကို အနည်းငယ် လေ့လာတင်ပြလိုပါသည်။
မြန်မာ့ရိုးရာအစဉ်အလာအရ သင်္ကြန်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အံ့သြစရာ ဒဏ္ဍာရီတစ်ပုဒ်ရှိသည်။ ရှေးလွန်လေပြီးသောအခါက ဗြဟ္မာမင်းတစ်ပါးနှင့် သိကြားမင်းတို့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကြ သည်။ ပဟေဠိဖြေဆိုရာတွင် သိကြားမင်းက အနိုင်ရရှိခဲ့ပြီး ရှုံးနိမ့်သော ဗြဟ္မာမင်းသည် ဦးခေါင်းဖြတ်ကာ အရှုံးခံခဲ့ရသည်။ ထို့နောက် သိကြားမင်းသည် ဗြဟ္မာမင်း၏ ဦးခေါင်းပြတ်အား သိမ်းဆည်းထားရန် လိုအပ် လာသည်။ ဦးခေါင်းပြတ်ကို မြေ၌ထားလျှင် ကမ္ဘာမြေ ပူလောင်မည်၊ လေ၌ထားလျှင် မိုးခေါင်မည်၊ ရေ၌ ထားလျှင် ရေသတ္တဝါအားလုံး သေကြေမည်စိုးသောကြောင့် နတ်သမီးခုနစ်ပါးအား တစ်နှစ်လျှင် တစ် ကြိမ်စီ အလှည့်ကျ ကိုင်ဆောင်ထားရန် အမိန့်ပေးလိုက်သည်။ ထိုနေ့သည် သင်္ကြန်ကျသည့်ရက်ဖြစ်ပြီး နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် နတ်သမီးများအား ရေချမ်းဖြင့် ပွဲသဘင်ခံကြသည်ဟု ဆိုပါသည်။
“သင်္ကြန်” ဟူသော ဝေါဟာရသည်လည်း “ကူးပြောင်းခြင်း” ဟူသော အဓိပ္ပါယ်ရှိသည့် ပါဠိဘာသာ “သင်္ကန္တ” မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် အတာသင်္ကြန်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူး ပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း သင်္ကေတလည်းဖြစ်သည်။
မြန်မာ့ရိုးရာသင်္ကြန်ကာလတွင် အဓိကလုပ်ဆောင်ကြသည့် ထုံးတမ်းစဉ်လာ များစွာရှိပါသည်။ သင်္ကြန် အခါတွင်းတွင် ရေသည် အဓိကနေရာမှ ပါဝင်နေသည်။ ရေကို စင်ကြယ်ခြင်း၊ အေးချမ်းခြင်း၊ ချစ်ခြင်း မေတ္တာနှင့် နှစ်သစ်တွင် အညစ်အကြေးများ ကင်းစင်စေခြင်း၏ သင်္ကေတအဖြစ် အသုံးပြုကြသည်။ သပြေခက်နှင့် ရေပက်ကစားခြင်းသည် သင်္ကြန်၏ အဓိက ပျော်ပွဲရွှင်ပွဲဖြစ်သော်လည်း ထို့ထက် အရေးကြီး သည်မှာ ဘုရားရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ ရိုသေလေးစားဖွယ် သက်ကြီးရွယ်အိုများနှင့် မိဘ ဘိုးဘွားများ၊ ရပ်ရွာတွင်းမှ လူကြီးသူမများအား ရေကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက် သည်းညှပ်ပေးခြင်း၊ မုန့်လုံးရေပေါ်၊ ဆန်ပြုတ် စတုဒိသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများ ပြု ခြင်းဖြစ်သည်။ ထို့ပြင် ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာ ပွားများခြင်းကိုလည်း ပြုကြသည်။
သင်္ကြန်နှင့်အတူ ခွဲခြား၍မရသော နောက်ထပ် ရိုးရာဓလေ့တစ်ခုမှာ “သံချပ်ထိုး” အစဉ်အလာဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် သံချပ်ထိုးခြင်းသည် လူထု၏ လိုအင်ဆန္ဒများ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ဆိုင်ရာ လိုအပ်ချက်များကို ဟာသ သဘောပါသော ကဗျာလင်္ကာများဖြင့် ရွတ်ဆို ထောက်ပြ ဝေဖန်သည့်
အနုပညာတရပ် ဖြစ်ပါသည်။
သံချပ်ကို “အတိုင်” နှင့် “အဖောက်” ဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ အတိုင်အပိုဒ်၏ နောက်ဆုံးအသံကို အခြေခံ၍ အဖောက်အပိုဒ်တွင် ကာရန်ယူထားလေ့ရှိသည်။ ရည်ရွယ်ချက်မှာ တိုင်းပြည် မင်းလုပ် အုပ်ချုပ်သူများအား အသိပေးရန်သာမက လူထုကို ဖျော်ဖြေရန်လည်းဖြစ်သည်။ သံချပ်အဖွဲ့များသည် အလှဆင်ထားသော ယာဉ်များဖြင့် မဏ္ဍပ်များရှေ့တွင် ယိမ်းအကဖြင့် ရွတ်ဆို ဖျော်ဖြေလေ့ရှိသည်။ သံချပ်ထိုးခြင်းသည် ရှေးအစဉ်အဆက်ကတည်းက တည်ရှိလာခဲ့သော မြန်မာ့ရိုးရာ အစဉ်အလာတရပ် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအခြေအနေများ တင်းမာလာချိန်တိုင်းတွင်မူ သံချပ်ထိုးခြင်းဓလေ့သည် အန္တရာယ်များလာသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖ စစ်အစိုးရလက်ထက်၌ သံချပ်များကို ဖိနှိပ် ပိတ်ပင်ခဲ့သောကြောင့် သင်္ကြန်ကာလ၌ သံချပ်ထိုးသည့် အလေ့အထ မှေးမှိန်သွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သံချပ်ထိုးခြင်းကို ပြန်လည်ခွင့်ပြုခဲ့ သော်လည်း စာသားများကို ဆင်ဆာစိစစ်ခြင်း ခံကြရဆဲဖြစ်သည်။ ယခုအခါတွင်လည်း သံချပ်ဓလေ့သည် အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ဆယ်စုနှစ်များစွာ တိတ်ဆိတ်နေခဲ့ပြီးနောက် သံချပ်သံများ ပြန်လည်နိုးထလာသော်လည်း ဘဏ္ဍာရေးအခက်အခဲများနှင့် စည်းကမ်းတင်းကျပ်မှုများကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို သံချပ် အနုပညာရှင်များက စိုးရိမ်နေကြသည်။
မကြာသေးမီနှစ်များအတွင်း အထူးသဖြင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် သံချပ်ဓလေ့သည် ပြောင်းလဲလာ သည့် နိုင်ငံရေးအခြေအနေများကို တဖန် ပြန်လည်ထင်ဟပ်ပြနေသည်။ သံချပ်များသည် ပိုမိုရဲရင့်သော ဝေဖန်မှုများပါရှိသည့် “တော်လှန်သင်္ကြန်” ပုံစံအဖြစ် ပြောင်းလဲလာသည်ကို တွေ့ရသည်။ ထို့အပြင် သံချပ်ထိုးခြင်းကို နိုင်ငံရေးကဏ္ဍများတွင်သာမက လူငယ်များက သူတို့၏ မျှော်လင့်ချက် စိတ်ကူး စိတ်သန်းများကို ဖော်ပြရန်အတွက်လည်း အသုံးပြုလာကြသည်။ သင်္ကြန်ပွဲတော်၏ ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်ကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာ့အတာသင်္ကြန်ကို ယူနက်စကိုက ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ထည့်သွင်းသတ်မှတ်ခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခြင်းကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်လာစေပါသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ ဝိညာဉ်ရေးရာ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စိတ်နေသဘောထားကို ထင်ဟပ်သည့် စွဲမက်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်သည်။ သင်္ကြန်၏ ဒဏ္ဍာရီလာ ဇာစ်မြစ်များမှသည် ရေပက်ကစားခြင်း၊ ဘာသာရေးထုံးတမ်းများနှင့် တမူထူးခြားသော သံချပ်ထိုးခြင်း အထိ ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းရင်း ပြောင်းလဲလာသော အခြေအနေများနှင့်လည်း လိုက်လျော ညီထွေဖြစ်အောင် ဆင်နွှဲနေကြဆဲဖြစ်ပါသည်။ ယူနက်စကို၏ အသိအမှတ်ပြုမှုသည် ရှေးဟောင်း ယဉ်ကျေးမှု ဓလေ့တန်ဖိုးကို ပိုမိုတိုးမြှင့်ပေးခဲ့ပြီး သံချပ်အနာဂတ်မှာမူ အာဏာပိုင်များ၏ တားဆီး ပိတ်ပင် မှုများကြောင့် မသေချာ မရေရာသော်လည်း အပြီးတိုင် ဖျောက်ဖျက်မရသော မြန်မာ့ယဉ်ကျေးမှု တစိတ်တပိုင်းအဖြစ် ဆက်လက် ရှင်သန်နေဦးမည်သာဖြစ်သည်။
ကိုးကား Inscribed in 2024 (19.COM) on the Representative List of the Intangible Cultural Heritage of Humanity. UNESCO Intangible Cultural Heritage (5 Dec 2024). မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ် မှတ်ခံရ။ Myanmar Digital News (5 Dec 2024). မိုးမခမီဒီယာ စာနယ်ဇင်းအဖွဲ့မှ ထုတ်ဝေသော ကဗျာဆရာတင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊ (၂၀၁၁၊ သြဂုတ်) —
