ဒစ်ဂျစ်တယ်လက်သီးပုန်းများ (သို့) စစ်အုပ်စု၏ ဘစ်ဂ်ဘရားသားများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က မတရား အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်းလုံးတွင် ဆန့်ကျင်ဆန္ဒပြမှုများ၊ တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုအခြေ အနေများကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန်အတွက် စစ်အုပ်စုသည် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သော သမားရိုးကျ နှိပ်ကွပ်ရေး နည်းလမ်းများသာမက ခေတ်မီနည်းပညာကိုပါ အသုံးပြုကာ ပြည်သူလူထုကို စောင့်ကြည့်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။
စစ်အုပ်စုသည် ဒစ်ဂျစ်တယ်လ် နည်းပညာများကို ဖိနှိပ်ချုပ်ချယ်ရေးလက်နက်အဖြစ် လျင်မြန်စွာ ပြောင်းလဲအသုံးပြုခဲ့သည်။ နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စနစ်တကျ စုဆောင်းပြီး အစုလိုက်အပြုံလိုက် စောင့်ကြည့်ခြင်း၊ သဘောထားကွဲလွဲသူ၊ ဆန့်ကျင်တော်လှန်သူများကို ခွဲခြားသတ်မှတ်ခြင်းနှင့် အတိုက်အခံလှုပ်ရှားမှုများအား ချေမှုန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိ အချိန်တွင် မြန်မာစစ်အုပ်စု ကိုင်စွဲအသုံးပြုနေသော စောင့်ကြည့်ရေးစနစ်များအကြောင်းနှင့် ထိုစနစ်များ ၏ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို သုံးသပ်တင်ပြလိုပါသည်။
PSMS Person Scrutinization and Monitoring System (PSMS) သည် စစ်အုပ်စု၏ အဓိက စောင့်ကြည့် ရေးယန္တရားဖြစ်သည်။ နိုင်ငံသားတို့၏ အချက်အလက်များကို စုစည်းထားသော Database ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ ဤစနစ်အတွင်း အဓိက ထည့်သွင်းထားသည်များမှာ ဘဏ်အကောင့် ပိတ်ခံထားရသူများ၊ Civil Disobedience Movement (CDM) စာရင်းဝင်များ၊ နိုင်ငံရေးကျော်ဇောသူများ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်သူများနှင့် စောင့်ကြည့်ခံနေရသူများ စသူတို့ ဖြစ်ကြသည်။ နောက်ဆုံးရ သတင်းအချက်အလက်များအရ ဤစနစ်ထဲတွင် လူပေါင်း ၄ သိန်း ကျော်၏ ကိုယ်ရေးအချက်အလက်များကို ရယူသိမ်းဆည်းထားပြီး ဆက်လက်တိုးချဲ့လျက်ရှိသည်။
GLMS Guest List Management System (GLMS) သည် ဟိုတယ်နှင့် တည်းခိုခန်းများတွင် စတင်အသုံး ပြုနေသော စနစ်ဖြစ်သည်။ ပြည်သူပြည်သားများ၏ ခရီးသွားလာမှုကို အချိန်နှင့်တပြေးညီ စောင့်ကြည့် ခြင်းဖြစ်သည်။ ယခင်က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ် စေ မှတ်တမ်းပေးပို့ရသည့် ဧည့်စာရင်းကို ယခုအခါ GLMS မှတဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင် ပေးပို့စေခြင်းဖြစ်သည်။ ဤစနစ်၏ အန္တရာယ်မှာ National ID Database နှင့် ချိတ်ဆက်ထားခြင်းကြောင့် မည်သူ မည်သည့်နေရာတွင် မည်သည့်အချိန်က တည်းခိုနေသည်ကို အာဏာပိုင်များက အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်ခြင်းဖြစ်သည်။
MAPPS Myanmar Advanced Passenger Processing System (MAPPS) ကို လေဆိပ်များတွင် PSMS နှင့်တွဲဘက်၍ တပ်ဆင်ထားသည်။ ဤစနစ်ထဲတွင် နိုင်ငံရေးအရ ကျော်ဇောသူများ၊ စစ်အုပ်စု အဓိက အလိုရှိသူများစာရင်းကို ထည့်သွင်းထားသည်ဟုဆိုသည်။ ထိုသူများ လေဆိပ်မှ နိုင်ငံရပ်ခြားသို့ နည်းလမ်း အမျိုးမျိုးဖြင့် ထွက်ပြေးတိမ်းရှောင်မရအောင် ပစ်မှတ်ထားထိန်းချုပ်သော စနစ်ပင်ဖြစ်သည်။ လတ်တလော အတည်ပြုချက်များအရ ဤစာရင်းတွင် လူပေါင်း ၄ သောင်းကျော် ပါဝင်နေပြီး ၎င်းတို့အနေဖြင့် လေဆိပ်မှတဆင့် နိုင်ငံခြားသို့ ထွက်ခွာရန် ကြိုးပမ်းပါက ချက်ချင်း ဖမ်းဆီးခြင်း ခံရနိုင်သည်။
NSIMS National Service Information Management System (NSIMS) သည် စစ်အုပ်စု၏ စစ်မှုထမ်း ဥပဒေနှင့် ဆက်စပ်နေသည်။ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်ရှိပြီး တိမ်းရှောင်နေသူများကို ဤစနစ်တွင် စာရင်းပြုစုထားသည်ဟု ဆိုပါသည်။ အချက်အလက်များအရ ဤစာရင်းတွင် လူငယ် သန်းနှင့်ချီ၍ ပါဝင်နေပြီး ၎င်းတို့၏ နေထိုင်သွားလာမှုကို စောင့်ကြည့်လျက်ရှိသည်။ အထက်တွင်ဖော်ပြခဲ့သော စောင့်ကြည့်ရေးစနစ် လေးခုလုံးသည် “e-Government” ၏ အစိတ် အပိုင်းတခုအဖြစ် စတင်ခဲ့သော တယ်လီဖုန်းဆင်းကတ် မှတ်ပုံတင်ခြင်း (SIM Registration) မှ အစပြုခဲ့ ခြင်းဖြစ်သည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းကို အကြောင်းပြကာ နိုင်ငံသားအချက်အလက်များ စုစည်းနိုင်ခဲ့ ပြီး ယခုအခါ ယင်းအချက်အလက်များကို အခြေခံကာ စောင့်ကြည့်ရေးစနစ် လေးခုဖြင့် ပြည်သူများကို ချုပ်ကိုင်လျက်ရှိသည်။ စစ်အုပ်စု၏ စောင့်ကြည့်ရေးစနစ်သည် ပြည်သူပြည်သားများ၏ လွတ်လပ်မှုကို ချိုးဖောက်ရုံသာ မက ဒစ်ဂျစ်တယ်လ်ခေတ်တွင် အာဏာရှင်စနစ် မည်သို့ ပြောင်းလဲလာနိုင်သည်ကို ပြသနေခြင်း ဖြစ်သည်။ နည်းပညာသည် လူသားအားလုံးအတွက် အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုတို့ကို ဆောင်ကျဉ်းပေးသင့်သော်လည်း မြန်မာစစ်အုပ်စုလက်ထဲတွင် ဖိနှိပ်ချုပ်ချယ်ရေး ကိရိယာတခုအဖြစ် အသုံးချခံနေရပါသည်။ အဆိုးရွားဆုံးမှာ ဤစနစ်များသည် တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများ၊ LGBTIQ+ အသိုင်းအဝိုင်းများနှင့် အခြား ဖယ်ကျဉ်ခံထားရသော အုပ်စုများအပေါ် ခွဲခြားဆက်ဆံမှုကို ပိုမို ဆိုးရွားစေ ခြင်းပင် ဖြစ်ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ Head of the rights office’s Myanmar team မြန်မာနိုင်ငံဆိုင် ရာအကြီးအကဲ James Rodehaver က “စစ်တပ်သည် AI-Biometric ခြေရာခံခြင်းကို အသုံးပြုကာ နိုင်ငံ အနှံ့ အီလက်ထရောနစ် စောင့်ကြည့်ခြင်းအား ကျယ်ပြန့်စွာ တိုး၍ လုပ်ဆောင်လျက်ရှိသည်” ဟု ထောက်ပြခဲ့သည်။ စစ်အုပ်စု၏ စောင့်ကြည့်ရေးစနစ်များသည် ပြည်သူအများ၏ အခြေခံ လူ့အခွင့်အရေးများ ဖြစ်သော ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် တရားမျှတစွာ စစ်ဆေးခံခွင့်တို့ကို ဆိုးရွားစွာ ချိုးဖောက်လျက် ရှိနေပါသည်။ စောင့်ကြည့်ရေးစနစ်များ၏ ရှေ့ဆက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် စိုးရိမ်ဖွယ်ရာ ရှိနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို လူ့အခွင့်အရေးရှုထောင့်မှ ကာကွယ်ပေးရေးနှင့် ဒစ်ဂျစ်တယ်လ် အခွင့်အရေးများအတွက် ပိုမိုအာရုံစိုက်လာရန် လိုအပ်လျက် ရှိနေပါသည်။
