ပေါ်ပြူလစ်ဇင်ရဲ့ အန္တရာယ်
၁၈၀၀ ပြည့်နှစ်များ ကုန်ခါနီးကာလ၊ ၁၉ ရာစု နှောင်းပိုင်းနှစ်များမှာ ပေါ်လာခဲ့တဲ့ ပေါ်ပြူလစ်ဝါဒ ဟာ ယနေ့ထက်ထိ အပြောင်းအလဲမရှိ လူကြိုက်များတဲ့ ဝါဒတခုဖြစ်ဆဲပါ။ ပေါ်ပြူလစ်ဝါဒဟာ ဒီမိုကရေစီ၊ လက်ဝဲ၊ လက်ယာ၊ အာဏာရှင် စတဲ့ ဘယ်လို အုပ်ချုပ်ရေးစနစ်နဲ့ နိုင်ငံတွေအတွင်းမှာ မဆို ရှိနိုင်ပါတယ်။ ပေါ်ပြူလစ်ဆိုတဲ့ စကားလုံးက လက်တင်ဘာသာစကားမူရင်း ပြည်သူလူထု ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်နေပါတယ်။ အခြေခံအားဖြင့် ပေါ်ပြူလစ်ဝါဒဆိုတာ ၎င်းတို့ဟာ ကောင်းမွန် မှန်ကန်ပါတယ်လို့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ လူတစုကိုယ်စား လူတယောက်က အခြားသော မကောင်းတဲ့ အထက်တန်းလွှာ လူတန်းစားများ၊ အကျင့်ပျက်သူများကို တိုက်ခိုက်မယ် ဆိုတဲ့ အယူအဆကို အခြေခံပါတယ်။ ပေါ်ပြူလစ်ဝါဒီတွေရဲ့ အခြားသောလူများဆိုတဲ့ သတ်မှတ်ချက်တွေက လူနေမှုအဆင့်အတန်း၊ လူမျိုး၊ နိုင်ငံသား စတဲ့အချက်အလက်တွေကို အခြေခံလေ့ ရှိပါတယ်။ ပေါ်ပြူလစ်ဝါဒဟာ အခြားသော နိုင်ငံရေးဝါဒတွေနဲ့ အတွေးအခေါ်တွေက နေ ကောင်းနိုးရာရာတွေကို ထုက်နုတ်ယူ စုစည်းပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေလိုမျိုး ပုံဖော်လေ့ ရှိကြပါတယ်။
ပေါ်ပြူလစ်တွေဟာ ရွေးကောက်ခံအစိုးရတွေနဲ့ သတင်းမီဒီယာတွေကို အကျင့်ပျက်သူတွေအဖြစ် ပုံဖော်လေ့လည်း ရှိပါတယ်။ မကြာခဏဆိုသလို အပျက်သဘောဆောင်တဲ့ ဇာတ်လမ်း ဇာတ်ကြောင်းတွေကို ဖန်တီးမျှဝေလေ့ရှိပြီး လူအများရဲ့ အကြောက်တရားနဲ့ စိတ်မလုံခြုံမှုတွေ တိုးပွားအောင်လည်း ပြုလုပ်တတ်ကြပါတယ်။ ဒီဇာတ်လမ်း ဇာတ်ကြောင်းတွေဆိုတာက မျိုးနွယ်စုမတူသူတွေ၊ အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်ကို ထောက်ခံယုံကြည်သူတွေ၊ ကွဲပြားတဲ့ လိင်စိတ်ခံယူချက် ရှိသူတွေ၊ အခြားနိုင်ငံတွေကနေ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ စတဲ့ သူတို့ ကိုယ်စားပြုပါတယ်လို့ ပြောတဲ့ အဖိနှိပ်ခံအုပ်စုတွေရဲ့ အကြောင်းတွေပဲ အံ့အားသင့်စရာကောင်းစွာ နဲ့ ဖြစ်နေပါတယ်။ အခြားသော အင်အားစုတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကိုလည်း မျိုးချစ်စိတ်ကင်းမဲ့သူတွေ၊ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးနေသူတွေအဖြစ် ပုံဖော်လေ့ရှိကြပါတယ်။
ပေါ်ပြူလစ်ဝါဒဟာ ဒီမိုကရေစီစနစ်တခုအတွင်းမှာတော့ သူ့ရဲ့သရုပ်မှန်ကို ကြာရှည်ဖုံးကွယ်ပြီး တည်ရှိမနေနိုင်ပါဘူး။ ဒီမိုကရေစီမှာ အခြားသောဝါဒတွေမှာ မရှိတဲ့ အရာတခုရှိပါတယ်။ အထူးသဖြင့် ပေါ်ပြူလစ်ဝါဒမှာ မရှိခဲ့တဲ့အရာတခု ရှိပါတယ်။ ဒါကတော့ ဗဟုဝါဒ (Pluralism) ဖြစ်ပါတယ်။ ဗဟုဝါဒက ဒီမိုကရေစီရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဗဟုဝါဒဆိုတာက မတူညီတဲ့ နေထိုင်မှုပုံစံတွေ၊ အတွေးအမြင်တွေ၊ စိတ်ပါဝင်စားမှုတွေနဲ့ ရည်မှန်းချက်တွေဟာ လူ့အဖွဲ့အစည်းတခုအတွင်းမှာ အတူတကွ ယှဉ်တွဲတည်ရှိနေခြင်း ဖြစ်ပါတယ်။ ဗဟုဝါဒအတွင်းမှာ မတူညီတဲ့နောက်ခံ၊ ရည်မှန်းချက်နဲ့ လူတွေဟာ တယောက်နဲ့တယောက် လေးစားမှု အပြန်အလှန်ရှိကြပြီး မိမိတို့လူ့အဖွဲ့အစည်းရဲ့ စုံလင်ကွဲပြားမှုကို အသိမှတ်ပြု လက်ခံကြပါတယ်။
ဒါဟာ နိုင်ငံရေးပါဝင်မှုမှာလည်း ထပ်တူပဲဖြစ်ပြီး လူတိုင်းမှာ မတူတဲ့အတွေးအမြင်တွေ ရှိနိုင်ပြီး ဒီအမြင်တွေကို နိုင်ငံရေးသမားတွေက နားထောင်ပေးရမယ့် အခွင့်အရေးတွေ ရှိပါတယ်။ ပေါ်ပြူလစ်ဝါဒမှာတော့ ဒီလိုအခွင့်အရေးတွေ မရရှိနိုင်ပါဘူး။ ပေါ်ပြူလစ်တွေဟာ နိုင်ငံရေး စကားရည်လုပွဲတွေမှာဖြစ်စေ၊ အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုရာမှာ ဖြစ်စေ တိကျခိုင်မာတဲ့ အချက်အလက် အကိုးအကားများကို အသုံးပြုခြင်းထက် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကိုသာ လက်နက်တခုသဖွယ် အသုံးပြုလေ့ ရှိပါတယ်။ ဒီလိုအသုံးပြုခြင်းက လူတွေရဲ့ စိတ်ခံစားချက်ကို ဦးတည် တိုက်ခိုက်ခြင်းဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းနဲ့ ကိုက်ညီတဲ့ ဆွေးနွေးပြောဆိုပုံတွေနဲ့ သွေဖည်နေပါတယ်။ ဒီမိုကရေစီဝါဒရဲ့ အလေ့အထက အချက်အလက် တွေကို အခြေခံပြီး ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပေါ်ပြူလစ်တွေရဲ့ မိမိကိုယ်ကိုသာ ဗဟိုပြုတဲ့ အပြုအမူတွေက ဒီမိုကရေစီ အခြေခံမူဘောင်တွေအတွင်းမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကိုင်ဖို့ ခက်ခဲစေပါတယ်။
ပေါ်ပြူလစ်တွေအနေနဲ့ အုပ်စုခွဲခြင်း၊ လူမျိုးရေး ဘာသာရေး ခွဲခြားခြင်းနဲ့ လူကြိုက်များမှုကို ရှာဖွေလေ့ရှိရုံမကဘဲ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်တဲ့ လုပ်ရပ်များလည်း ပြုမူလေ့ရှိပါတယ်။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များပြီး မှန်းဆရလည်းခက်တဲ့ ပေါ်ပြူလစ်ဝါဒကို ရင်ဆိုင်ဖြေရှင်း ဖို့ နည်လမ်းတချို့ရှိပါတယ်။ ပေါ်ပြူလစ်ဝါဒီများ၊ အုပ်စုများကို ဖယ်ထုတ်တာမျိုး မပြုလုပ်သင့်ပါ ဘူး။ ပေါ်ပြူလစ်တွေက ခွဲခြားဖယ်ထုတ်ခံရခြင်းကို နစ်နာသူအဖြစ် လက်နက်တခုသဖွယ် အသုံးပြု လေ့ရှိတာကြောင့် ဒါက သတိပြုသင့်တဲ့အချက် ဖြစ်ပါတယ်။ အစိုးရတွေ၊ အင်စတီကျူးရှင်းတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုပမာဏ အမြင့်ဆုံးရှိဖို့ အမြဲ လိုအပ်ပါတယ်။ ဒါက ပြည်သူများအနေနဲ့ နိုင်ငံရေးအလေ့အထများနဲ့ အစိုးရအဖွဲ့ရဲ့ လည်ပတ်ပုံကို ပိုမို နားလည်သဘောပေါက်စေပြီး ပေါ်ပြူလစ်ဝါဒီတွေရဲ့ လှည့်ဖျားသိမ်းသွင်းမှုတွေ၊ အလိမ်အညာ စကားတွေ၊ ဝါဒဖြန့်မှုတွေကို နားလည်စေပြီး ရှောင်ရှားစေနိုင်ပါတယ်။ —
