အဆိပ်အတောက်များကို ဟာသအဖြစ် ရောမြိုချခြင်း
စစ်မက်တွေမငြိမ်းတာကြောင့် ပျော်စရာနည်းတဲ့နိုင်ငံမှာ မြန်မာ့ဇာတ်သဘင် ပြန်ခေတ်စားလာတဲ့အခါ ပွဲကြိုက်၊ ပွဲမျှော်ကြတဲ့ လူထုက ဘဝအမော ပြေလိုပြေငြား တအုံတခဲ အားပေးကြတာ ဝေဖန်စရာ မကောင်းတဲ့အရာပါ။ ကြပ်တည်းလှတဲ့ လူမှုဘဝတွေမှာ ဒီဖျော်ဖြေရေးလေးမှမရရင် ရူးရချည်ရဲ့ပေါ့။ သဘင်ဆိုတာ ရိုးရာ အဆိုကော အကကော အငိုကော ပိုင်မှ မိုးလင်းပေါက် အိပ်ရေးပျက်ခံ ကြည့်ရသူ အတွက် တန်တာပေါ့။ အဆိုတွေ အကတွေ ကောင်းပြန်တော့လည်း အပျင်းတော်ပြေ ဟာဒယရွှင်ဆေး လေးမှ မပါရင် ရိုးလို့ အီလို့ ဘယ်ဆွဲဆောင်နိုင်ပါ့မလဲ။
ဒါပေမဲ့ အဆိပ်အတောက်တွေကို ဟာသတွေအဖြစ် ရောမြိုချနေရတာကတော့ လူသားမျိုးဆက် လူညွန့်တုံးစရာ ရင်လေးဖွယ်ပါပဲ။ အငြိမ့်ပျက်လုံးတွေက အခုမှ ကောက်ခါငင်ခါ အဆိပ်အတောက် ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ခေတ်စနစ်အရကြည့်ရင် ရှေးရှေးတုန်းက ဇာတ်သဘင်မှာ ပိုများလေ မလားလို့ တွေးစရာလည်း ရှိပါတယ်။ သို့သော် ခေတ်နဲ့ စနစ်က ပြောင်းလာပြီး လူသားတွေရဲ့ လူ့ယဥ်ကျေးမှုစံနှုန်းတွေ ဆင့်ကဲ ဖွံ့ဖြိုးလာကြတာကိုတော့ သတိပြုမိဖို့ လိုပါတယ်။
ပျက်လုံးတွေရဲ့ အနှစ်သာရ
ပျက်လုံးဟာ ခေတ်စနစ်ကို ထင်ဟပ်စေတဲ့ အမှန်တရားပြောခြင်း ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်းရဲ့ မှတ်ကျောက်ဟာ ဟာသပညာပါ။ ပျက်လုံးတွေက လူမှုရေး ပြဿနာတွေကို ထောက်ပြ ပြီး မမျှတမှုတွေကို အသံပေး ဖော်ထုတ်ပါတယ်။ လူတွေရဲ့ရင်ထဲကို ရောက်လွယ် မှတ်လွယ်ဖြစ်တဲ့ ဟာသအနုပညာဟာ လူ့အဖွဲ့အစည်းထဲက မကျေလည်ခြင်းတွေကို ချေဖျက်နိုင်ပါတယ်။ အစိုင်အခဲ တွေကို ဟာသဉာဏ်နဲ့ဖျော်ပြီး လူ့အဖွဲ့အစည်းထဲမှာ ပြောရခက်တဲ့ ထိလွယ်ရှလွယ် ပြဿနာတွေနဲ့ အပြင်းအထန် ဆွေးနွေးငြင်းခုံစရာ ကိစ္စတွေကို ပေါ့ပါး လွတ်လပ်စွာ ပြောလွယ်ဆိုလွယ် ဖြစ်စေပါ တယ်။
လူရွှင်တော်တွေရဲ့ Ethic ကျင့်ဝတ်စည်း
ပျက်လုံးဟာ အာဏာရှိသူတွေကို ဝေဖန်ထိုးနှက်ဖို့ဖြစ်ပြီး အားနည်းသူ လူနည်းစုတွေကို လှောင်ပြောင် တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတဲ့ ကျင့်ဝတ်စည်းကို ကမ္ဘာတလွှားမှာ ဟာသလူရွှင်တော်တွေက လက်ကိုင် ထားကြပါတယ်။ ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မသန်စွမ်းတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ LGBTQ plus တွေကို ချိုးနှိမ် ပျက်လုံးထုတ်တာထက် သူတို့ခံစားနေရတဲ့ မညီမျှခြင်းတွေကို ဖန်တီး ထားတဲ့ လူ့အဖွဲ့အစည်းကို သရော်တာက ကျင့်ဝတ်စည်းနဲ့ညီတဲ့ ဟာသဉာဏ် ဖြစ်လာပါတယ်။
လူတိုင်း ပြုံးပျော်နိုင်မဲ့ ဟာသ
ဟာသဆိုတာ လူတိုင်း ပြုံးရယ်နိုင်ဖို့ဖြစ်ပါတယ်။ ဟာသလုပ်သူနဲ့ လူတစုပဲ ပြုံးရယ်ဖို့ မဟုတ်ပါဘူး။ ဘာသာမတူသူ၊ လူမျိုးမတူသူ လိင်စိတ်ခံယူမှု ကွဲပြားသူ စသဖြင့် ဘယ်လို ကွဲပြားမှုမျိုးမဆို ပျက်လုံး တခုမှာ အတူတကွ ရယ်မောနိုင်ရပါမယ်။ မြန်မာနိုင်ငံလိုမျိုး စုံလင်ကွဲပြားမှုများတဲ့ နိုင်ငံတွေမှာ လူမှု သဟဇာတ မျှတရေးကို ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ ပျက်လုံးတွေမှာတော့ အိန္ဒိယနွယ်ဖွားတွေ၊ စကားဝဲတဲ့ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ LGBTQ plus တွေ နဲ့ မသန်စွမ်းတွေ (အထူးသဖြင့် အမြင်အာရုံ၊ အကြားအာရုံ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတွေ) ကို အရှက်ရစရာဖြစ်အောင် နှိမ်ချ ပြောဆိုတာနဲ့ မသင့်တော်တဲ့ ပုံသေကားချပ် stereotypes ထဲကို အတင်းသွတ်သွင်းတာမျိုး လုပ်တတ်ကြ ပါတယ်။ ထိခိုက်နစ်နာလွယ်တဲ့ လူနည်းစုဟာ ပျက်လုံးတခုကြောင့် ထပ်ဆင့်ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံ မှုတွေကို ပိုပြီး ခံရနိုင်ပါတယ်။ ဒါ့အပြင် အမုန်းစကားတွေကြောင့် လူအဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှု ပျက်စီးပြီး လူမှုသဟဇာတ မဖြစ်မှု ပိုကြီးထွားလာနိုင်ပါတယ်။
လူတစုတဖွဲ့ရဲ့ အားနည်းချက်ကို လှောင်ပြောင်ပြောဆိုတဲ့ ဟာသမျိုးဟာ ဟာသအရေခြုံထားတဲ့ လူကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။ “ဟာသကို ဟာသလို့ပဲ တွေးပါ” ဆိုတာကတော့ ဒီကျင့်ဝတ်ဖောက်ဖျက်မှုကို ဖုံးကွယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒီလို ကျင့်ဝတ် ဖောက်ဖျက်မှုကို လက်ခံထားတာကိုကြည့်ရင် လူတွေရဲ့ အသိပညာရရှိမှု ဘယ်လောက် နောက်ကျ ကျန်ခဲ့ပြီလဲဆိုတာ တွေ့မြင်ရပါတယ်။ လူ့အဖွဲ့အစည်းဟာ သိပ်ကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ကျန်ခဲ့တော့မယ့် စိတ်မကောင်းဖွယ် အနေအထားပါ။
တိုးတက်နေတဲ့ ကမ္ဘာမှာ လူမှုစံနှုန်းတွေလည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာနေပါတယ်။ ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဆဲဆိုရိုင်းပြတဲ့ စကားတွေ မသုံးတာနဲ့ မလုံလောက်တော့ဘဲ လူတဦးချင်းမှာ ကိုယ်စီရှိတဲ့ စံတန်ဖိုးတွေကို လေးစားတတ်ဖို့ပါ လိုလာပါတယ်။
အချုပ်အားဖြင့် ဟာသတွေ ဘာကြောင့် မရယ်ရလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ဘယ်သူ့လက်ထဲမှာမှ မရှိတော့တာ ပါဝင်ပါလိမ့်မယ်။ ကာတွန်းဆရာကြီးမောင်ဆွေမင်း ဓနုဖြူ ရဲ့ တွတ်ပီတို့ကတဲ့ဇာတ်ပွဲမှာ “ ဇာတ်သမားလာရင် မှတ်သားစရာပါရမယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာ ချန်ရမယ်” ဝေးလံတဲ့ ကျေးလက်ဒေသတွေက အသိပညာ ဗဟုသုတတွေ အတွက် ဇာတ်သမားတွေကိုပဲ အားကိုးရတဲ့ အကြောင်းလဲ ဖော်ပြခဲ့ဖူးပါတယ်။ယဥ်ကျေးတဲ့ ဟာသပညာကို လူရွှင်တော်တွေ လေ့လာ သင်ယူ တတ်မြောက်မှု အားနည်းကြတာကြောင့်လို့လည်း ထင်ပါတယ်။ ဟာသပညာရှင်တွေ လွတ်လပ်စွာကွန့်မြူးခွင့် ပိုရလာရင် အညှီအဟောက်ကင်းတဲ့ ဟာသပညာ ပြန်အသက်ဝင်လာဖို့ မျှော်လင့်ရပါတယ်။
သဘင်သည်ရပ်ဝန်းတင် မကပါဘူး၊ ဘယ်လို အနုပညာမျိုးကိုမဆို လမ်းမှားရင်တော့ လူထုရဲ့ ဆင်ခြင်တုံတရားနဲ့ ပြန်တည့်မတ်ဖို့ လိုပါတယ်။ ဟာသကို ဟာသလိုမြင်ဖို့ မဟုတ်ပါဘူး၊ အဆိပ်ကို အဆိပ်လိုမြင်ဖို့ လိုတာပါ။
တကယ်ရော လူမှုဘဝတွေထဲက မညီမျှမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေက ကိုယ်တိုင် ကြုံတွေ့ခံစားရတဲ့ အခါ ရယ်ရပါ့မလား၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုးမှု ဒီ့ထက်ပိုပြီး နှောင့်နှေးကျန်ခဲ့ဖို့ မသင့်တော့တာကို သတိပြုမိစေချင်ပါတယ်။
