လူ့အခွင့်အရေးအလေ့အထ
လူ့အခွင့်အရေးဆိုတာ တန်းတူညီမျှဖြစ်ခြင်းနှင့် တရားမျှတမှုတို့ကို ဗဟိုပြုထားသော စံတန်ဖိုးများ ဖြစ်ပါတယ်။ လူ့အခွင့်အရေးက လူတဦးတယောက်ရဲ့ အသက်ရှင်သန်မှု၊ အခွင့်အရေး၊ စဉ်းစားတွေးခေါ်မှု စတာတွေကို အစဉ်အမြဲ ထည့်သွင်းစဉ်းစားပေးတဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှု အလေ့အထတခု ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာပြည် လူမှုအသိုင်းအဝိုင်းဟာ နေရာဒေသအမျိုးမျိုးမှာ မတူညီကွဲပြားစွာ ရပ်တည် ရှင်သန်နေကြပါတယ်။ ဒီလို ပေါင်းစုံစည်းရန် ခက်ခဲတဲ့ လူတွေအနေနဲ့ လူ့အခွင့်အရေးဆိုတဲ့ ကိစ္စရပ်ကို ဘယ်လိုမျိုး အတူတကွ ပူးပေါင်း တည်ဆောက် ကာကွယ်နိုင်ကြမလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းက အပြင်းထန်ဆုံးသော ကာလတခုသို့ ရောက်ရှိနေပါတယ်။ လူ့အခွင့်အရေးဟာ အခြေခံအားဖြင့် အတွေးအခေါ် အကျင့်အကြံတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့အနေနဲ့ ပထမဦးစွာ တွေးခေါ်စဉ်းစားရန် ယုံကြည်ရန် လိုအပ်ပါတယ်။ နောက်တဆင့်ကတော့ လက်တွေ့ကျင့်ကြံဖို့ပါပဲ။ နေ့စဉ်ဘဝမှာ ကိုယ်တိုင် လိုက်နာ ကျင့်သုံးခြင်းနဲ့ စတင် ပုံဖော်နိုင်ပါတယ်။
ဒီလိုကျင့်သုံးရာမှာ လုံခြုံတဲ့ ပတ်ဝန်းကျင် အသိုက်အဝန်းမှာ နေထိုင်သူတွေ ဆောင်ရွက်နိုင်တာနဲ့ မြန်မာပြည်တွင်း (သို့) လွတ်မြောက်နယ်မြေမှာ ရှိနေသူတွေ လှုပ်ရှားဆောင်ရွက်နိုင်တာကြား ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ လုံခြုံရေးအာမခံချက်ရှိမှု၊ အသိုက်အဝန်းတွင်း စုဖွဲ့နိုင်မှု၊ လူထုလှုပ်ရှားမှုများတွင် ပါဝင်နိုင်မှု စတာတွေကို အခြေခံပြီး လှုပ်ရှားမှုတွေ ကွဲပြားနိုင်ပါတယ်။
(၁) လေ့လာ ဆည်းပူးခြင်း ကိုယ်နဲ့ဆက်စပ်တဲ့ အသိုက်အဝန်း၊ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာ အခက်အခဲတွေကို အကြမ်းဖျဉ်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒီလိုနားလည်ဖို့အတွက် ယုံကြည်ရပြီး ဘက်မလိုက်တဲ့ လွတ်လပ်သော အသင်းအဖွဲ့တွေ၊ သတင်းမီဒီယာတွေက တင်ဆက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ သင်ခန်းစာတွေကို ဖတ်ရှုလေ့လာရင်း နားလည် သဘောပေါက်နိုင်ပါတယ်။ ဥပမာအနေနဲ့ဆို ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Human Rights Watch စသော အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
(၂) အဖွဲ့အစည်း (ကောင်း) များကို လှူဒါန်းခြင်း
ကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်နိုင်သူတွေကို ကူညီပံ့ပိုးပေးတာက မှန်ကန်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။
(၃) အမျိုးသမီးများ၊ မိခင်များနဲ့ လူနည်းစုအုပ်စုဝင်များကို ကာကွယ်စောင့်ရှောက်ပေးခြင်း
အဖိနှိပ်ခံအုပ်စုတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ မိမိကိုယ်တိုင် တဦးတယောက်အနေ နဲ့ တတ်စွမ်းသမျှ ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ တတ်နိုင်သမျှ စိတ်ခွန်အားပေးခြင်း၊ ငွေကြေး ကူညီ ထောက်ပံ့ခြင်း၊ လိုအပ်နေတဲ့ အထောက်အပံ့တွေ ကူညီပေးတာ စတဲ့နည်းလမ်းတွေနဲ့ အဖိနှိပ်ခံရသူ တွေရဲ့ အခွင့်အရေးကို မြှင့်တင် ကာကွယ် စောင့်ရှောက်ပေးနိုင်ပါတယ်။
(၄) ဖိနှိပ်ခွဲခြားမှုများကို ဆန့်ကျင်ခြင်း လူမျိုး၊ ဘာသာ၊ နောက်ခံအခြေအနေ၊ လိင်စိတ်တိမ်းညွှတ်မှု စတာတွေကို အခြေခံပြီး ခွဲခြား ဆက်ဆံခံရတဲ့ အကြိမ်တိုင်းက လူတဦးရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်ခံရတာဖြစ်ပါတယ်။ ခွဲခြားမှုကျူးလွန်သူ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့တွေကိုဖြစ်ဖြစ် လူမှုရေးပြစ်ဒဏ်ပေးတာ၊ ထုက်ဖော်ပြောဆိုတာတွေ လုပ်ဆောင်ရပါမယ်။
(၅) လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင် လှုပ်ရှား ဆောင်ရွက်ခြင်း ကိုယ်တိုင်ရဲ့ အသိုင်းဝန်းမှာသာမကဘဲ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှား တောင်းဆိုမှုတွေ၊ လူထုလှုပ်ရှားမှု အစီအစဉ်တွေမှာ ပါဝင်လှုပ်ရှားတာမျိုး ပြုလုပ်နိုင်ပါတယ်။
(၆) လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲတွေမှာ မပျက်မကွက် မဲပေးခြင်း ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတရပ်ရဲ့ အခြေခံက ဒီမိုကရေစီ အမူအကျင့်နဲ့ အတွေးအခေါ်တွေ ဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အထ အတွေးအခေါ်များ အားကောင်းဖို့ဆိုတာက ဒီမိုကရေစီအစိုးရ တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီအစိုးရတွေကို ရွေးချယ်ဖို့နဲ့ ထိန်းကျောင်းဖို့တာဝန်က ကိုယ်တိုင်လိုမျိုး သာမန်ပြည်သူတွေရဲ့ ဝတ္တရားတာဝန်တခု ဖြစ်ပါတယ်။ ဒီတာဝန်မှာ ဒီမိုကရေစီအလေ့အထနဲ့ မကိုက်ညီတဲ့ ရွေးကောက်ပွဲတွေကို နားလည်သိမြင်ပြီး ရှောင်ကြဉ်ဖို့လည်း ပါပါတယ်။
