မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပျက်သုဉ်းလာခြင်း
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာဟာ တစ်ဉီးတစ်ယောက် ဒါမှမဟုတ် ရပ်ရွာလူထုက ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်ပိုင်အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် နိုင်ငံရေး၊ အနုပညာနဲ့ လူမှုရေးလောကတို့မှာ ပြောဆိုပိုင်ခွင့်၊ ကြားနာပိုင်ခွင့်နဲ့ ပါဝင်နိုင်ခွင့် စတာတွေကို လွတ်လပ်စွာလုပ်နိုင်တဲ့အရာမျိုးလို့ ပြောလို့ရပါတယ်။ အဲဒီထဲမှာမှ သတင်းအချက်အလက်တွေကို ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေငှဖြန့်ချိပိုင်ခွင့်တို့လည်း ပါဝင်ပါသေးတယ်။ ဒါဆို ‘လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်’ ဆိုတဲ့ အခွင့်အရေးအတွက် ဘာကြောင့် လူတွေက တကူးတကပြောဖို့ လိုအပ်တာလဲ — လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာ လူတိုင်းသိပြီးသားအချက်ပါ။ ပြည်သူတွေဟာ ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရကို လွတ်လွတ်လပ်လပ် ဝေဖန်တာတွေ၊ မေးခွန်းထုတ်တာတွေကို စိုးရိမ်မှုမရှိဘဲ လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုတွေ၊ ငြင်းခုံမှုတွေမရှိရင် နိုင်ငံရေးသမားတွေ၊ အစိုးရတွေက ပြည်သူတွေရဲ့ ဆန္ဒနဲ့ အသံကို အမြဲ မျက်ကွယ်ပြုနေမှာဖြစ်ပါတယ်။ အစိုးရနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ငြင်းခုန်မှုတွေက အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်မှုတိုင်းကို တာဝန်ခံနိုင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုသတိချပ်ဖို့လိုတာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ကိုယ်လိုသလို အသုံးချလို့မရပါဘူး။ အများသူငါအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ဖို့ ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုပြုဖို့ လှုံ့ဆော်တာမျိုးတွေအတွက် ကန့်သတ်တားမြစ်ဖို့ လိုအပ်ပါတယ်။ နည်းစနစ်တကျ ကောင်းမွန်တဲ့ အတွေးအခေါ်တွေကို စုစည်းပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ဝေဖန်တာမျိုးဖြစ်ဖို့ လိုပါတယ်။ အစိုးရ ဒါမှမဟုတ် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဝေဖန်တဲ့အခါ အစိုးရကလည်း ပြည်သူတွေရဲ့ အကြံပြုချက်ကို နားထောင်ပေးပြီး ပြည်သူအပေါ် အပြည့်အဝ အကာအကွယ်ပေးရမှာဖြစ်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ နိုင်ငံရေးရပိုင်ခွင့်၊ နိုင်ငံရေးအတွေးအခေါ် တစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေပါဝင်မှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ စဉ်ဆက်မပြတ် ပစ်မှတ်ထားပြီး တိုက်ခိုက်ခံနေရပါတယ်။ အာဏာမသိမ်းခင်ကာလမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပေမယ့် အဲဒါကလည်း ခြွင်းချက်မဲ့ လွတ်လပ်မှုတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၀ အပြောင်းအလဲနောက်ပိုင်း တက်လာတဲ့ အစိုးရတွေဟာ ကန့်သတ်မှုတချို့ကိုသာ ဖြေလျှော့ပေးခဲ့ပြီး ပုဂ္ဂလိက သတင်းစာများကို ပြန်လည်ခွင့်ပြုခြင်း၊ အင်တာနက်အသုံးပြုမှု မြင့်တက်လာခြင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်တို့ကိုတော့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရပ်သားအစိုးရလက်ထက် မှာ အခြေခံအခွင့်အရေးများကို တိုးတက်စေတဲ့ ပြုပြင်ပြောင်းလဲမှုအများအပြားကို တွေ့ခဲ့ရပေမယ့်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အာမခံချက် အားနည်းခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၅၄ (က) နဲ့ ၃၄၈၊ ၁၈၆၀ ရာဇသတ်ကြီးပုဒ်မ ၁၂၄ က (နိုင်ငံတော်အား အကြည်ညိုပျက်အောင်ပြုခြင်း၊ ၂၉၅ (က) နဲ့ ၂၉၈ (ဘာသာတရားကိုစော်ကားခြင်း)၊ ၄၉၉-၅၀၀ (အသရေဖျက်မှု)၊ ၂၀၀၄ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၄ (ဃ)၊ ဆက်သွယ်ရေးဥပဒေ (၆၆ ဃ) ၊ ၂၀၁၄ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ၂၀၁၆ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေ (၁၉၂၃)၊ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးဆိုင်ရာ ဥပဒေ (၂၀၁၇) တို့ဟာ အာဏာမသိမ်းခင်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဓိက ဖိနှိပ်တဲ့ ဥပဒေများဖြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ မီဒီယာတွေကို ပိတ်သိမ်းခြင်း၊ သတင်းထောက်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ယန္တရားတွေကို စောင့်ကြည့်ခြင်း၊ အရေးယူဖမ်းဆီးခြင်းများကို ပြုလုပ်ခဲ့တဲ့အပြင် ဥပဒေအသစ်တွေကိုပါ ပြဌာန်းခဲ့ပါတယ်။ စစ်ရေးမတည်ငြိမ်တဲ့ဒေသတွေမှာလည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုထံ မရောက်ရှိဖို့အတွက် ရည်ရွယ်ချက်ရှိရှိ အင်တာနက် ဖြတ်တောက်ထားတာတွေကိုလည်း မြင်တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုယန္တရားအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲဒီဥပဒေဟာ ကိုလိုနီခေတ်ကနေစပြီး ပြဌာန်းခဲ့တဲ့ ဥပဒေတစ်ရပ်လည်း ဖြစ်နေပါတယ်။ အစိုးရနဲ့ပတ်သက်ပြီး သတင်း (မှား) ဖြန့်ဝေခြင်းများ၊ ဝန်ထမ်းများအကြား Disobedience လုပ်ကြဖို့ လှုံ့ဆော်မှုများ၊ စစ်တပ်နဲ့ အစိုးရအပေါ် ဝေဖန်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အစိုးရဟာ သတင်းထောက်များ၊ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ဖို့အတွက် ၅၀၅ (က) ကို အဓိကထားအသုံးပြုပြီး ဖမ်းဆီးတာတွေလုပ်ပါတယ်။ အဲဒီဥပဒေဟာ လူတိုင်းအတွက် နားလည်ရခက်ခဲပြီး အသုံးအနှုန်းတွေကလည်း ကျယ်ပြန့်တာကြောင့် လိုအပ်သလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီး အဲဒီဥပဒေကို အစိုးရအဆက်ဆက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အသုံးချကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အစိုးရဟာ လွတ်လပ်စွာ စီတန်းလှည့်လည်ခြင်းနဲ့ သင်းပင်းဖွဲ့စည်းခွင့်တို့အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့ရည်ရွယ်ပြီးတော့ ဥပဒေ အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် Digital Platform တွေမှာ သတင်းအချက်အလက်ရရှိမှုကို ကန့်သတ်ဖို့အတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကိုလည်း နောက်ပိုင်းကာလတွေမှာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံရဲ့ Cybersecurity Law ဟာ အသက်ဝင်လာခဲ့ပြီး ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှု ပေးသူများနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုပေးသူများက အဓိက ထိန်းချုပ်မှုထဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီဥပဒေမှာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သုံးနှစ်အထိ သိမ်းဆည်းထားနိုင်ပြီး အာဏာပိုင်တွေက တောင်းလာပါက ပေးရန်လည်း ပါဝင်ပါတယ်။ အဲဒါအပြင် လိုင်စင်မရှိဘဲ Virtual Private Network (VPN) အသုံးပြုမှုကိုလည်း တားမြစ်ထားပါသေးတယ်။ အဲဒီဥပဒေဟာ အုပ်ချုပ်သူအာဏာပိုင်တွေကို ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအပေါ် အလုံးစုံထိန်းချုပ်ခွင့်ပေးထားပြီး ဆင်ဆာဖြတ်တောက်မှုနဲ့ စောင့်ကြည့်ခြင်းကို အပြည့်အဝလုပ်ကိုင်ခွင့် ပေးထားခြင်းတွေက ပြည်သူတွေရဲ့ သတင်းလွတ်လပ်စွာရယူပိုင်ခွင့်၊ သတင်းဖြန့်ဝေပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်များကိုပါ လုံးဝ ကန့်သတ်ခံထားရတဲ့ ဥပဒေတစ်ရပ် ဖြစ်လာပါတယ်။
လူတိုင်းဟာ အနှောင့်အယှက်ကင်းကင်းနဲ့ မိမိတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိတယ်လို့ ပါဝင်တဲ့ UDHR (Universal Declaration of Human Rights) ဟာ ဥပဒေအရ တာဝန်ခံမှုမရှိပေမဲ့လည်း နိုင်ငံတကာစာချုပ်များအတွက် အခြေခံစာတမ်းတစ်ခု ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တို့မှာ ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံရပိုင်ခွင့်အနေနဲ့ အသိအမှတ်ပြုထားပါတယ်။
သို့သော် ပုဂ္ဂလိက သတင်းအချက်အလက်တွေကိုပါ စစ်တပ်က ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပြီး CCTV ကွန်ရက် တပ်ဆင်မှုများပြုလုပ်ပြီး ပြည်သူများ သွားလာ လှုပ်ရှား ဆောင်ရွက်မှုတွေကို စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိသလို ဘဏ်များမှ ငွေပေးချေမှုတွေကိုပါ ခြေရာခံတာတွေပြုလုပ်ကာ ငွေအကောင့်များ ပိတ်သိမ်းမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ သတင်းထောက် ၂၂၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ICNL ရဲ့ အစီရင်ခံစာအရ သထင်းထောက် ၉၁ ဦး ချမှတ်ခံရတဲ့ ထောင်ဒဏ်တွေအားလုံးကို ပေါင်းလိုက်ရင် စုစုပေါင်း ၅၁၁ နှစ် ရှိပြီးတော့ တစ်ဦးချင်း ပြစ်ဒဏ်များဟာ ပျမ်းမျှ ၂၇ နှစ်အထိ ရှိနေပါတယ်။ တရားစွဲမှုတွေဟာ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေခြင်း စတဲ့ပုဒ်မတွေကို အခြေခံပါတယ်။
ICCPR နဲ့ UDHR တို့မှ အကာအကွယ်ပေးထားတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စစ်တပ်ဟာ သတင်းထောက်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ဥပဒေတွေကို ပြဌာန်းပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ်လျက်ရှိနေပါတယ်။ အချုပ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အကြပ်အတည်းဟာ ပိုမိုဆိုးရွားလာပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူ့တို့အပေါ် ဆန့်ကျင်တဲ့အရေးအသားတွေ ရေးသားသူတွေကို အပြစ်ပေးရုံသာမက သတင်းအချက်အလက်ရရှိမှုများကို ထိန်းချုပ်ခြင်း၊ မီဒီယာများကို ဖမ်းဆီးခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းများကို ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်နေပါတယ်၊၊ အာဏာသိမ်းစစ်တပ်ဟာ လူ့အခွင့်အရေးများကို အလွန်အကျွံချိုးဖောက်နေပြီး အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာသတင်းရယူခွင့်တို့ကို ကန့်သတ်ထားမှုဟာလည်း ပိုမိုဆိုးဝါးလျက် ရှိနေပါတော့တယ်။
References
-
International Center for Not-for-Profit Law (ICNL). (2025). Journalist Detentions in Myanmar.
-
Human Rights Myanmar. (2025). Analysing 4 Years of Journalist Detentions in Post-Coup Myanmar.
-
Myanmar Internet Project. (2025). Myanmar Digital Coup Quarterly: May 2025 – July 2025.
-
Human Rights Watch. (2021). Myanmar: Junta Escalates Media Crackdown.
-
Human Rights Watch. (2023). “Our Numbers Are Dwindling”: Myanmar’s Post-Coup Crackdown on Lawyers.
-
AP News. (n.d.). Myanmar’s Military Rulers Enact Cybersecurity Law with Wide-Ranging Censorship Provisions.
-
United Nations. (1948). Universal Declaration of Human Rights.
