သာတူညီမျှ ကမ္ဘာအတွက် ပန်းပုထုခြင်း (သို့) LGBTQIA+ အသိုက်အဝန်းအတွက် တန်းတူညီမျှမှု
လူ့အသိုင်းအဝိုင်းအတွင်း LGBTQIA+ (Lesbian, Gay, Bisexual, Transgender, Queer, Intersex, Asexual နှင့် အခြား လိင်စိတ်တိမ်းညွှတ်မှုများ) များသည် မတူညီမှုများကြောင့် ခွဲခြားခံ ရမှု၊ လူမှုရေးပတ်ဝန်းကျင်တွင် မလွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အရေးများ နည်းပါးခြင်းတို့ကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် လုပ်ငန်းခွင်တွင် LGBTQIA+ လူငယ်များသည် မိမိတို့ စွမ်းရည်၊ စိတ်အားထက်သန်မှုကို အပြည့်အဝ အသုံးချ၍ အောင်မြင်မှုရရှိရန် အခက်အခဲများ ရှိနေသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသည်။ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု ခွဲခြားဆက်ဆံမှုများက ယခု လူမှုအသိုင်းအဝိုင်းတွင် တည်ရှိနေဆဲဖြစ်သည်။
အလုပ်ခေါ်စာများတွင် ကျား/မ နှစ်မျိုးသာ အားသာချက်ပေးခြင်း၊ ရာထူး တိုးမြှင့်မှုများတွင် အမျိုးသားများကို ဦးစားပေးခြင်း၊ မိမိတို့၏ sexuality ကို ဖုံးကွယ်လိုက်ရခြင်း စသဖြင့် LGBTQIA+ အသိုင်းအဝိုင်းအတွင်း လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဘဝနှင့် အလုပ်အကိုင် ဆိုင်ရာ တန်းတူခွင့်များ မရရှိခြင်းတို့ ဖြစ်ပေါ်နေသည်။
• LGBTQIA+ များသည် မိတ်ကပ်နှင့် ဖျော်ဖြေရေး အလုပ်များတွင်သာ အားထားခံရခြင်း၊ • မိမိ sexuality ကို ဖုံးကွယ်ရမှုကြောင့် မိမိကိုယ်ကိုယ် မယုံကြည်မှု၊ စိတ်ဖိစီးမှုများ ရှိနေခြင်း၊ • အလုပ်ခွင်တွင် ပါဝင်ဆောင်ရွက်သူများအနေဖြင့် LGBTQIA+ များနှင့် ပတ်သက်၍ အသိပညာ နည်းပါးမှုကြောင့် ဂျန်ဒါနှင့် sexuality ပေါ် ခွဲခြားမှုများရှိနေခြင်း အစရှိသည်တို့ကို လက်တွ့ကျ သော ပြဿနာများအဖြစ် မြင်တွေ့ရပါသည်။ ဖြေရှင်းနည်းများအနေဖြင့် အောက်ပါတို့ကို စဉ်းစား ထည့်သွင်းနိုင်ပါသည်။
(က) လူမှုအသိပညာမြှင့်တင်ရေး လုပ်ငန်းခွင်နှင့် ပညာရေးဌာနများတွင် LGBTQIA+ နှင့် ဆက်စပ်သော အသိပညာပေး သင်တန်းများ၊ စကားဝိုင်းများကို ပုံမှန်ကျင်းပခြင်းဖြစ်စေ၊ မိသားစု၊ လူမှုအသိုင်းအဝိုင်းများတွင် LGBTQIA+ ခွဲခြားမှုနှင့် သွေးဆောင်မှုများအပေါ် အသိပညာပေး ဖော်ပြခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါ သည်။
(ခ) စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ပြောင်းလဲခြင်း အလုပ်ခွင်တွင် LGBTQIA+ အသိုင်းအဝိုင်းအတွက် တန်းတူအခွင့်အရေး ရှိစေရန် ဂျန်ဒါ အခြေပြု ခွဲခြားမှုများကို တားမြစ်သည့် စည်းကမ်းများ သတ်မှတ်ပေးခြင်းဖြင့်လည်းကောင်း၊ ရာထူးတက်ခြင်း၊ လစာပေးခြင်း၊ အခွင့်အရေးရရှိမှုပိုင်းတို့တွင်လည်း တန်းတူ မူဝါဒ သတ်မှတ်ပေး ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
(ဂ) မိမိကိုယ်ကို လက်ခံခြင်းနှင့် စိတ်ကျန်းမာရေး ပံ့ပိုးမှုများ LGBTQIA+ အဖွဲ့အစည်းများကို လူမှုဆက်ဆံရေး ကွန်ရက်များတွင် အချင်းချင်း စိတ်ဓာတ် ခွန်အား ပေးနိုင်စေရန် ဖွဲ့စည်းတည်ထောင်မှု ပေးသင့်ပါသည်။ မိမိကိုယ်ကို ချစ်မြတ်နိုးနိုင်ရေး အ တွက် စိတ်ကျန်းမာရေး ပံ့ပိုးမှုများ ပေးသင့်သကဲ့သို့ စိတ်ဖိစီးမှုများ လျှော့ချနိုင်စေရန် အထောက် အကူပြု စီမံချက်များ ဖန်တီးပေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
(ဃ) အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးရေး LGBTQIA+ များ၏ စွမ်းရည်များကို အသုံးချနိုင်သော လုပ်ငန်းကဏ္ဍအသစ်များ ဖွင့်လှစ်ခြင်း၊ ဖက်ရှင်၊ အနုပညာ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ဆရာဝန် စသည်တို့တွင် ပါဝင်ရန် တန်းတူ အခွင့်အရေးပေးခြင်းတို့ကို ဦးစားပေးသင့်သည်၊ လုပ်ငန်းခွင်အတွင်း ပါဝင်မှု တိုးမြှင့်ရေးအတွက် စွမ်းရည်တိုးမြှင့်မှုဆိုင်ရာ သင်တန်းများ စီစဥ်ခြင်းကလည်း အထောက်အကူ ဖြစ်စေနိုင်သည်။
(င) ဥပဒေရေးရာ ထောက်ပံ့မှု LGBTQIA+ အသိုင်းအဝိုင်းအတွက် အခွင့်အရေးကို ဥပဒေဖြင့် ကာကွယ်ပေးနိုင်သော နိုင်ငံ တကာ စံနှုန်းများနှင့် ကိုက်ညီအောင် မြန်မာနိုင်ငံတွင် ဥပဒေပြုပြင်ခြင်းသည်လည်း ပန်းတိုင်တစ်ခု ဖြစ်သင့်သည်။ ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်း ပေးနိုင်သော ရုံးများနှင့် အဖွဲ့အစည်းများ တည်ထောင်ခြင်းဖြင့် ခွဲခြားခံရမှုများမှသည် တန်းတူ ညီမျှမှုဆီ ဦးတည်နိုင်မည်ဖြစ်သည်။
LGBTQIA+ အသိုင်းအဝိုင်းသည် လူ့အသိုင်းအဝိုင်း၏ လှပသော တည်ရှိနေမှုတစ်ခုဖြစ်ပြီး သူတို့၏ လုပ်နိုင်စွမ်း၊ အနုပညာဖန်တီးမှု၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများသည် လူ့အသိုင်း အဝိုင်းအတွင်း တန်းတူအခွင့်အရေး ရမည်ဆိုပါက လှပသောအသီးအပွင့်များ ပွင့်လန်းနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လူမျိုးနှင့် ဂျဲန်ဒါတို့အပေါ် သမားရိုးကျ သတ်မှတ်ထားမှုများကို ကျော်လွန် စဥ်းစားပြီး လူအချင်းချင်း လက်ခံမှု၊ ဂုဏ်ယူမှု၊ ညီမျှမှုများ ရှိလာမည်ဆိုပါက လှပတည်တံ့သော လူ့အသိုင်းအဝိုင်း တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အသိပေး ဆွေးနွေး တင်ပြလိုက်ရပါသည်။
