နိုင်ငံရေးအာဏာမိတ်ဆက်

နိုင်ငံရေးအာဏာ (Political Power) ဆိုတာက နိုင်ငံရေးစနစ်တခုအတွင်းမှာ အစိုးရတွေ ပါတီတွေကပဲဖြစ်ဖြစ်၊ လူတဦးတယောက်ကဖြစ်ဖြစ် အခြားလူတယောက်ကို ဒါမှမဟုတ် လူအုပ်စုတွေရဲ့ အပြုအမူ၊ ယုံကြည်ချက် စတာတွေကို ဩဇာလွှမ်းမိုးနေတာ ထိန်းချုပ်တာ အမိန့်ပေးတာ စတာတွေကို လုပ်နိုင်စွမ်း ရှိတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံရေးအာဏာမှာ ဒီမိုကရေစီနစ်နဲ့ ရွေးကောက်ပွဲတွေလုပ်ပြီး ပြည်သူတွေက တင်မြှောက်လို့ တရားဝင် အာဏာ အပ်နှင်းခံရသူတွေရှိသလို သာမန် တိုင်းပြည်လူထုရဲ့ သဘောနဲ့ဆန့်ကျင်ပြီး မျိုးရိုးစဉ်ဆက် ဆက်ခံရလို့ဖြစ်စေ၊ လက်နက်အင်အားသုံးပြီး ရယူတာမျိုးဖြစ်စေ ရရှိထားတဲ့ နိုင်ငံရေးအာဏာ အမျိုးအစားတွေလည်း ရှိပါတယ်။ နိုင်ငံရေးအာဏာက လူသားတွေရဲ့ သမိုင်း‌ခေတ်ဦးမှာ အုပ်စုငယ်တွေ စုဖွဲ့နေထိုင်ခဲ့တဲ့ အချိန်ကာလတွေကစပြီး ဒီနေ့ခေတ်တိုင်အောင်ပဲ လူ့အဖွဲ့အစည်းနဲ့ အုပ်ချုပ်မှုစနစ်တွေအတွင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ လူတဦးတယောက် သို့မဟုတ် လူနည်းစု အုပ်စုတစုကပဲ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားပြီး အသုံးပြုတဲ့ပုံစံနဲ့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရဆိုပြီး အာဏာကို ခွဲဝေအသုံးပြုတဲ့ အခြေခံ နိုင်ငံရေးအာဏာခွဲဝေပုံ (၂) မျိုးရှိပါတယ်။ နိုင်ငံရေးအာဏာကို လူမှုရေးဆိုင်ရာ ရှုထောင့်ကနေ လေ့လာသုံးသပ်မှုတွေလည်း ရှိပါတယ်။ အချို့ လူပုဂ္ဂိုလ်တွေက သူတို့ရဲ့ လူနေမှုအဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု၊ မျိုးရိုးနောက်ခံ စတာတွေကြောင့် အခြားသောသူတွေထက် ပိုပြီး နိုင်ငံရေးအာဏာကို ရရှိရန် လွယ်ကူပါတယ်။ လူ့အဖွဲ့အစည်းတခုရဲ့ အရည်အသွေးကို မူတည်ပြီးလည်း နိုင်ငံရေးအာဏာက ထို လူ့အဖွဲ့အစည်းအတွင်းမှာ လည်ပတ်အလုပ်လုပ်ပုံ၊ အကောင်အထည်ဖော်နိုင်ပုံ၊ ကျရှုံးပုံ စတာတွေမှာ ကွဲပြားခြားနားမှု ထူးခြားစွာရှိပါတယ်။ လူတဦးစီရဲ့ အတွေးအမြင်ယူဆချက်နဲ့ လူ့အဖွဲ့အစည်းတခုရဲ့ နဂိုရှိပြီးသား လူမှုရေးစံတွေကလည်း ဒီလူတွေရဲ့ နိုင်ငံရေးအာဏာအပေါ် ထင်မြင်ယူဆချက်နဲ့ နားလည်သဘောပေါက်မှုကို လွှမ်းမိုးထားနိုင်ပါတယ်။

နိုင်ငံရေးအာဏာဆိုင်ရာ အတွေးအခေါ်တွေကို ရေးသားခဲ့သူတွေထဲမှာ ၁၆ ရာစုနှစ်တွေတုန်းက ဖလော့ရန့် မြို့ပြနိုင်ငံတွေရဲ့ သံတမန် မင်းတိုင်ပင်ခံအမတ်နဲ့ ဒဿနပညာရှင်တဦးဖြစ်သူ နီကိုလို မက်ခီယာဗယ်လီ (Niccolo Machiavelli) ဟာ ထင်ရှားပါတယ်။ နိုင်ငံအုပ်ချုပ်သူတွေကို လက်တွေ့မဆန်တဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေနဲ့ ရွေးချယ်ရန် မသင့်လို့ “မင်းသား” အမည်ရတဲ့ နိုင်ငံရေးအတွေးအခေါ်ကျမ်းမှာ ရေးသားခဲ့ပါတယ်။ ဒီအယူအဆက စိတ်ကူးယဉ်ဆန်တဲ့ ဘာသာရေးကျင့်ဝတ်တွေ (ဘာသာရေး) နဲ့ နိုင်ငံတော်ကို ခွဲခြားထားဖို့ ထုက်ဖော်တင်ပြခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်‌တွေ အားလုံးထဲမှာ ရှေးအကျဆုံးဖြစ်ပါတယ်။ “အာဏာသည် မည်သည့်တိုင်းပြည်ကိုမဆို ‌‌အားကောင်းအောင်မြင်သော နိုင်ငံတခုဖြစ်စေသည်၊” “အုပ်ချုပ်သူများသည် မိမိတို့၏ အာဏာကို အခြားသူများ လုမယူနိုင်စေရန် ထိန်းချုပ် ကာကွယ်ထားရမည်၊” “သာမန် ပြည်သူလူထုများသည် အစိုးရများ၏ အဓိက အခြေခံအုတ်မြစ်များ ဖြစ်သည်၊” “အုပ်ချုပ်သူတို့သည် သာမန်လူများ၏‌ ကောင်းကျိုးအတွက် ရည်ရွယ်ချက်ထား၍ အကောင်းဆုံးကို ဆောင်ရွက်ရမည်၊” “အုပ်ချုပ်သူများသည် အခြေအနေနှင့် လိုက်လျောညီထွေစွာ စီမံခန့်ခွဲအုပ်ချုပ်နိုင်သော အရည်အသွေးကောင်းများနှင့် ပြည့်စုံရမည်” စတာ‌တွေက ဒီနေ့ခေတ်တိုင်အောင် ဆွေးနွေးငြင်းခုံနေရဆဲဖြစ်တဲ့ မက်ခီယာဗယ်လီရဲ့ ‌အတွေးအခေါ် ရေးသားချက်တွေပဲ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်သူ ဂျင်းရှပ် (Gene Sharp) ကတော့ အစိုးရတွေဆိုတာမျိုးက နိုင်ငံရေးအာဏာကို ပြည်သူ‌တွေက လက်ခံ၊ ထောက်ခံမှသာ ရနိုင်တယ်၊ အမိန့်နာခံမှသာ ဖြစ်နိုင်တယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ဘယ်အစိုးရကိုဖြစ်စေ တရားဝင်အစိုးရလို့ လက်မခံတဲ့အခါ ဥပဒေတွေ အမိန့်တွေကို မလိုက်နာတဲ့အခါမျိုးတွေနဲ့ လူသားအရင်းအမြစ်၊ ရုပ်ဝတ္ထုအရင်းအမြစ်၊ စိတ်ဓာတ်ရေးရာနဲ့ ဝါဒရေးရာအရ လှည့်ဖျား သွေးဆောင်မှုတွေမှာ လိုက်နာဆောင်ရွက်တာတွေ နာခံပူးပေါင်းတာတွေ မရှိရင် အစိုးရတွေဟာ နိုင်ငံရေးအာဏာ ဆုံးရှုံးရကြောင်းကို လေ့လာတင်ပြခဲ့ပါတယ်။

ဒါ့ကြောင့် အနှစ်ချုပ်ပြောရရင် နိုင်ငံရေးအာဏာရဲ့ မူလပိုင်ရှင်က ပြည်သူတွေပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒီအခြေခံအချက်ကို အမြဲတမ်း စိတ်မှာ ခံယူထား ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အတွေးအခေါ် ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးအာဏာက ပြည်သူတွေကတဆင့် အောက်မှအထက်သို့ (Bottom Up) သွားတဲ့ပုံစံနဲ့ လည်ပတ်ပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရတွေ၊ အုပ်ချုပ်သူတွေက ဒီမိုကရေစီလို့ နာမည်တပ်ပြောနေပေမယ့် ကိုယ့်ရဲ့ပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ဆုံးရှုံးနေရရင် အုပ်ချုပ်သူတွေ အစိုးရတွေကို မေးခွန်းထုတ် ဆန်းစစ်ဖို့၊ ပြုပြင်ပြောင်းလဲကြဖို့နဲ့ တယောက်ချင်းစီကနေ အင်အားအများကို စုစည်းပြီး ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ကြဖို့ အလွန် အရေးကြီးလှပါတယ်။ References : The Black Prince of Politics: 50 Machiavelli Quotes https://telegrafi.com/en/the-black-prince-politics-50-sayings-of-Machiavelli/#:~:text=1.,16. From Dictatorship to Democracy by Gene Sharp https://www.nonviolent-conflict.org/resource/dictatorship-democracy-conceptual-framework-liberation-burmese/