နိုင်ငံမဲ့သူ၊ နိုင်ငံမဲ့ဖြစ်ခြင်းနဲ့ နိုင်ငံမဲ့မှုပြဿနာ
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရသူတွေ၊ နိုင်ငံကူးလက်မှတ် မရှိသူ တွေ၊ တရားဝင်နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေရသူတွေကို နိုင်ငံမဲ့သူများ (Stateless People) လို့ သတ်မှတ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ နိုင်ငံမဲ့သူ သန်းပေါင်းများစွာရှိနေပြီး လူ့အခွင့်အရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတဲ့ အခွင့်အလမ်းတွေကနေ ကင်းမဲ့နေရတဲ့သူတွေပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာမှာ နိုင်ငံမဲ့သူအားလုံးပေါင်း အနည်းဆုံး လူ ၁၀ သန်းဝန်ကျင်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။
နိုင်ငံမဲ့ဖြစ်ခြင်းဟာ လူမျိုးစု၊ ဘာသာရေးအုပ်စုများအပေါ် ခွဲခြားဆက်ဆံတာ (ဥပမာ မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာများ၊ ဒိုမီနီကန်သမ္မတနိုင်ငံရှိ ဟေတီအမျိုးသားများဟာ သူတို့တွေရဲ့ လူမျိုးတစ်မျိုး ဖြစ်ခြင်းကြောင့်ပဲ နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခံခဲ့ရတာမျိုးပါ)၊ ကျားမရေးရာအခြေခံပေါ်မှာ ခွဲခြား ဆက်ဆံတာ၊ ပြည်နယ်အသစ်တွေ ပေါ်ပေါက်လာတာနဲ့ လက်ရှိပြည်နယ်များအကြား နယ်မြေလွှဲ ပြောင်းမှုတွေ(ဥပမာ ယူဂိုဆလားဗီးယား၊ ဆိုဗီယက်ယူနီယံတို့လိုမျိုးနိုင်ငံတွေ ပြိုကွဲပြီးနောက် တချို့ လူမျိုးစုများက နိုင်ငံသားအဖြစ်အသိအမှတ် အပြုမခံရဘဲ နိုင်ငံမဲ့ဖြစ်သွားကြတာမျိုးပါ)၊ နိုင်ငံသား ဥပဒေရဲ့ အားနည်းချက် (ဥပမာ တချို့နိုင်ငံတွေမှာ မွေးဖွားလာသူကို အလိုအလျောက်နိုင်ငံသားအဖြစ် မပေးအပ်ပါက ဒါမှမဟုတ် မိဘနှစ်ပါးလုံးက နိုင်ငံမဲ့ဖြစ်နေပါက) မွေးလာတဲ့ကလေးဟာလည်း နိုင်ငံမဲ့ ဖြစ်လာနိုင်တာနဲ့ ပဋိပက္ခတွေအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါ တယ်။ အတင်းအဓမ္မမတရား ရွှေ့ပြောင်းစေခြင်းက နိုင်ငံမဲ့ဖြစ်ခြင်းကို ဦးတည်စေသလို နိုင်ငံမဲ့ဖြစ် ခြင်းကနေ အတင်းအဓမ္မမတရား ရွှေ့ ပြောင်းခြင်းဆီကိုလည်း ဦးတည်သွားစေနိုင်ပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နိုင်ငံမဲ့ဖြစ်ရခြင်းဟာ ကမ္ဘာ့နိုင်ငံတိုင်းနဲ့ ဒေသအားလုံး နီးပါးမှာရှိတဲ့ လူသားတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်များသာ ရှိနေပါတယ်။ နိုင်ငံမဲ့သူတွေရဲ့ နိုင်ငံမဲ့ဖြစ်ခြင်းကို နိုင်ငံမဲ့မှုပြဿနာရယ်လို့ အရိုးရှင်းဆုံးရှုမြင်ကြည့်ရအောင်ပါ။ နိုင်ငံမဲ့သူများမှာ အထောက်အထားစာရွက်စာတမ်းတွေ၊ အလုပ်အကိုင်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုများလို အခွင့်အရေးတွေကို ရရှိနိုင်ဖို့အတွက် မကြာခဏဆိုသလို အကန့်အသတ်အတားအဆီးတွေဟာ ကြုံ တွေ့နေရလေ့ရှိပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ်ထဲမှာ မြန်မာစစ်အစိုးရကို တော်လှန်ဖို့ အိန္ဒိယနိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦး၊ လက်ရှိမှာတော့ နိုင်ငံမဲ့တစ်ဦးရဲ့ အတွေ့ အကြုံကို မေးမြန်းစေ့ငုကြည့်မိပါတယ်။ သူဟာ အိန္ဒိယနိုင်ငံတွင်း မီဇိုရမ်ပြည်နယ်နဲ့ မြို့တော်နယူးဒေ လီမှာ နှစ်ပေါင်း ၃၆ နှစ်ကြာ နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာတုန်းက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်း ရောက်ရှိပြီးနောက်မှာတော့ အသက်ရှင်ရပ်တည်ရေးအတွက် မြေတူး လုပ်ငန်း၊ လမ်းလုပ်သား၊ ကျောက်သယ်ကျောက်ခွဲတဲ့အလုပ်၊ စားပွဲထိုးအလုပ်စတဲ့ အလုပ်ကြမ်းမျိုးစုံ ကို လုပ်ကိုင်ခဲ့ရကြောင်းပြောပါတယ်။ လက်ရှိမှာတော့ UNHCR အသိအမှတ်ပြု ဒုက္ခသည်အဖြစ် ခိုလှုံနေပေမဲ့လည်း ထောက်ပံ့ကြေးမရတဲ့အတွက် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေ ရပါတယ်။ သူကိုယ်သူလည်း နိုင်ငံမဲ့တစ်ဦးအဖြစ် သတ်မှတ်ထားပြီး အိမ်ခြံမြေလိုမျိုး ပစ္စည်းဥစ္စာဝယ် ယူပိုင်ဆိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေးအာမခံချက် ဘာဆိုဘာမှမရှိဘဲ အချိန်မရွေး နေရပ်ပြန်ပို့ခံရနိုင်တဲ့ ဘဝကို ရင်ဆိုင်နေရပါတယ်။ အိန္ဒိယအစိုးရက ဒုက္ခသည်များဆိုင်ရာကွန်ဗင်း ရှင်းကို လက်မှတ်ထိုးမထားသောကြောင့် ဒုက္ခသည်ဆိုင်ရာ ဘာအခွင့်အရေးကိုမှ အပြည့်အဝမခံစားရ ကြောင်း ပြောပါတယ်။ ကုလသမဂ္ဂနဲ့ အစိုးရများအနေနဲ့ နိုင်ငံမဲ့မှုပြဿနာကို ထိရောက်စွာ ဖြေရှင်း ပေးတာမျိုးမရှိဘူးလို့ သူကမြင်ပြီး UNHCR ကို အစိုးရခွင့်ပြုချက်နဲ့ လက်တွေ့မကျတဲ့ နည်းလမ်းတွေ နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဝေဖန်ပြောဆိုပါတယ်။ သူ့ကိုယ်ပိုင်အမြင်မှာတော့ နိုင်ငံမဲ့ဖြစ်ခြင်းဟာ လူသားတစ်ဦးအဖြစ် မွေးဖွားလာသော်လည်းပဲ လူ့အဖွဲ့အစည်းအတွင်း ဒုတိယ တန်းစား လူသားများအဖြစ် ခွဲခြားဆက်ဆံခံနေရတဲ့ ဘဝသာဖြစ်နေကြောင်း မျှော်လင့်ချက်မဲ့စွာ ပြော ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ နိုင်ငံသားနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ချမှတ်ထား တဲ့အတွက်ကြောင့် UNHCR က အစိုးရတွေ၊ တခြားကုလသမဂ္ဂအေဂျင်စီတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းကာ နိုင်ငံမဲ့ဖြစ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်ရပါတယ်။ ဒုက္ခသည်တွေအတွက် နိုင်ငံတွေရဲ့ လုပ်ပိုင်ခွင့်အပြင် UNHCR ဟာ နိုင်ငံမဲ့ဖြစ်မှုကို ဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂအထွေ ထွေညီလာခံကနေ တာဝန်ပေးထားတဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။ နိုင်ငံမဲ့သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ၁၉၅၄ ခုနှစ် ကုလသမဂ္ဂသဘောတူညီချက်အရ နိုင်ငံမဲ့သူဆိုတာ တရားဝင်နိုင်ငံသား အဖြစ် ဘယ်နိုင်ငံကမှ သတ်မှတ်ခြင်းမခံရသူဖြစ်ပါတယ်။ ဥပဒေ (De jure)အရ နိုင်ငံမဲ့ခြင်းဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေအရ တရားဝင်နိုင်ငံသားအဖြစ် သတ် မှတ်မခံရတဲ့သူကို ဆိုလိုပါတယ်။ လက်တွေ့(De facto)အရ နိုင်ငံမဲ့ခြင်းဆိုတာ နဂိုက ကိုယ်မွေးဖွားရာ တိုင်းပြည်နိုင်ငံရှိခဲ့သော်လည်း လက်ရှိအခြေအနေက မြေပြင်မှာ နိုင်ငံမဲ့နေတဲ့ လူတစ်ဦးတစ်ယောက် ကို ဆိုလိုပါတယ်။ ဒါကတော့ တခြားတရားဝင်နိုင်ငံသားတွေ ရရှိပိုင်ဆိုင်နေတဲ့ အခွင့်အရေးတွေနဲ့ အကာအကွယ်တွေ ကင်းမဲ့နေမှုအပေါ် အခြေခံပါတယ်။
အခွင့်အရေးနဲ့ အာဏာအကာအကွယ်ရရှိမှု တွေ ကင်းမဲ့နေရခြင်းက လူတစ်ဦးတစ်ယောက်ဟာ နိုင်ငံတစ်နိုင်ငံမှာ နေထိုင်စဉ် အဆိုပါအခွင့်အရေး တွေ ရရှိဖို့ဆိုတာမှာ သက်ဆိုင်ရာနိုင်ငံအာဏာပိုင်တွေကနေ သတ်မှတ်ထားတဲ့ အထောက်အထား တွေ လက်ဝယ်မရှိတာကြောင့် ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ လူတစ်ဦးတစ်ယောက်ဟာ နိုင်ငံအတွင်း မှာ အခွင့်အရေးနဲ့ အကာအကွယ်တွေကို အားကိုးလို့မရဘူးဆိုပါကလည်း လက်တွေ့မှာ နိုင်ငံမဲ့နေသူလို့ ဆိုလိုတာပါပဲ။ တစ်ခါတစ်ရံမှာ လူတစ်ဦးတစ်ယောက်ဟာ တရားဝင်နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးရှိပေ မဲ့ အတားအဆီးတွေကြောင့် နိုင်ငံသားဖြစ်မှုကို သက်သေမပြနိုင်တာမျိုးလည်း ရှိနိုင်ပါသေးတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ အစိုးရတွေမှာ နိုင်ငံမဲ့ပြည်သူတွေရယ်လို့ မရှိ စေဖို့အတွက် အသေအချာစီမံခန့်ခွဲရမယ့်တာဝန်ဟာ အစိုးရတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့် ဆိုတာကတော့ လူသားတိုင်း ရယူပိုင်ဆိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးသာ ဖြစ်ပါတယ်။
နိုင်ငံမဲ့သူတွေဟာ တရားဝင်နိုင်ငံသားဖြစ်ခွင့်ကို မရတဲ့အတွက် အောက်ဖော်ပြပါအခွင့်အရေး တွေအပါအဝင် သူတို့တွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးအများစုကို မရရှိတဲ့သဘော ဖြစ်နေ ပါတယ်။ အဲဒါတွေကတော့ ဒေသန္တရ သို့မဟုတ် နိုင်ငံတော်အဆင့် အစိုးရကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ခြင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံရခြင်း၊ အစိုးရအလုပ်အကိုင်များ လျှောက်ထား ခြင်း၊ အစိုးရဌာနတွေမှာ မြေယာနဲ့ အခြားပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်ခြင်း၊ တရားဥပဒေဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခြင်း၊ အစိုးရကျန်းမာရေးဝန်ဆောင်မှုများကို အပြည့်အဝရယူခြင်း၊ အစိုးရစာသင်ကျောင်းတွေမှာ ကလေးသူငယ်တွေကို ပညာသင်ယူခွင့်ရခြင်း၊ လွတ်လပ်စွာသွားလာနိုင် ခွင့်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။
နိုင်ငံမဲ့ပြဿနာဟာ လူ့အဖွဲ့အစည်းရဲ့ မတရားမှုတွေကို ထင်ဟပ်စေရုံသာမက တာဝန်ရှိသူ တွေရဲ့ ပျက်ကွက်နေမှုအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ နိုင်ငံမဲ့သူတွေကို အသိအမှတ်ပြုပြီး သူတို့တွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံမဲ့ မှုဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးစေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်မြဲဖြစ်နေ ပါတယ်။ ဒီလိုအခြေအနေတွေ လျော့ပါးပပျောက်စေရေးအတွက် တိုင်းပြည်နိုင်ငံများက အရိုးရှင်းဆုံး အနေနဲ့ (မရိုးရှင်းတဲ့ နောက်ကွယ်က အကြောင်းတရားတွေ ရှိပင်ရှိငြားသော်လည်း) လူသားချင်းစာ နာထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်လျက်ရှိနေပါ တော့တယ်။
Ref: An Introduction to Minority Rights
