တန်းတူညီမျှမှုအတွက် လူ့အခွင့်အရေးဥပဒေအဖြစ် အသက်ဝင်ရန် လိုအပ်နေသည့် LGBTQIA+ အခွင့်အရေးများ

တစ်ရောင်တည်းသော ပန်းခင်းထက် ရောင်စုံခြယ်သော ပန်းခင်း၏အလှက ပိုသည်။ ရေမြေသဘာဝအလှ၊ လူမျိုးစုနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားမှုများ ရှိနေသည်သာမက ကျားနှင့်မ ဂျန်ဒါထက်ပို၍ မတူညီကွဲပြားသော LGBTQIA+ ဂျန်ဒါခံယူချက်များနှင့် လိင်စိတ်တိမ်းညွှတ်မှု အသီးသီး ရှိနေကြသည်။ သက်တံရောင်အလှဟု တင်စားကြသည်။ LGBTQIA+ ဆိုသည်မှာ Lesbian, Gay, Bisexual, Transgender, Queer, Intersex, Asexual စသဖြင့် လိင်တူချစ်ကြိုက်သူများ၊ ဒွိလိင်ခံယူချက်ရှိသူများ၊ လိင်ပြောင်းလဲထားသူများ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု မရှိသူများ၊ မေးခွန်းထုတ် ဆန်းစစ်နေသူများ စသဖြင့် ကွဲပြားသော တည်ရှိမှုမျိုးစုံ ပါဝင်နေသည်။

LGBTQIA+ လူသားများသည် မိသားစု၊ ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝိုင်းမှ ချမှတ် ထားသော၊ ယဉ်ကျေးမှုများမှ ဖြစ်တည်လာသော စံနှုန်းများကို ဥပေက္ခာပြု၍ ၎င်းတို့၏ ဂျန်ဒါ ဝိသေသ ခံယူချက်အတိုင်း၊ တိမ်းညွှတ်မိသော လိင်စိတ် ခံယူချက်အတိုင်း နေထိုင်လိုကြသည်။ လူထဲမှ လူသားများဖြစ်သော LGBTQIA+ လူသားများသည် အကာကွယ်ရယူခွင့်ရှိသည်။ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်မူ လူ့အခွင့်အရေးအား “လူသားတိုင်းသည် အခွင့်အရေး နှင့်အညီ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ရှိသည်။ လွတ်လပ်စွာ ရှင်သန်ပိုင်ခွင့်ရှိသည်” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှု ကင်းစင်ရေး၊ အကြမ်းဖက်မှုများမှ ဝေးကွာ၍ လုံခြုံစွာ နေထိုင်ခွင့်များသည် LGBTQIA+ လူသားတိုင်း ရရှိသင့်သော အခြေခံဥပဒေနှင့် အခွင့်အရေးများ ဖြစ်သည်။ ထိုလူစုအတွက် လူသားပီပီ လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန် လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်ရစေရန် နားလည် ကာကွယ်ပေးသော ဥပဒေအဖြစ် အသက်သွင်းနိုင်မှသာ လူသားချင်း တန်းတူညီမျှမှုရှိသည်ဟု ဆိုနိုင်ပေလိမ့်မည်။

LGBTQIA+ ဖြစ်တည်မှုများသည် ပထမဦးစွာ မိမိကိုယ်ကိုယ် ဒွိဟ ပဋိပက္ခများနှင့် တွေ့ ဆုံရသည်။ မိသားစုမှ ပိတ်ပင်တားဆီးမှုများ၊ လက်မခံမှုများနှင့် ရင်ဆိုင်ရသေးသည်။ ထို့ပြင် ပတ်ဝန်းကျင်မှ တိုင်းတာချက်အမြင်များ၊ သွေးတိုးစမ်းမှုများ၊ လိင်အမြတ်ထုတ်ခံရမှုများနှင့် လိင်အကြမ်းဖက်ခံရမှုများကိုပါ ကျော်ဖြတ်ရပြန်သည်။ ထိုထိုသော ပြဿနာ ပဋိပက္ခများအတွက် “ဘယ်သူနားလည်ပေးမလဲ၊ ဘယ်လိုရင်ဖွင့်ရမလဲ၊ ဘယ်လို အကူအညီ ရယူနိုင်မလဲ၊ ဘယ်လို ကာကွယ်ပေးကြမလဲ” စသည့်မေးခွန်းများအတွက် အဖြေသည် လူ့အခွင့်အရေး အုတ်မြစ်ပေါ်တွင် အခြေခံသည်။

ကမ္ဘာ့နေရာအနှံ့တွင် နိုင်ငံရေး၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ တက်ကြွလှုပ်ရှားမှုတို့အပေါ် မူတည်၍ LGBTQIA+ များအတွက် လက်ခံအသိအမှတ်ပြုမှု၊ တရားဝင် အခြေခံဥပဒေနှင့် လူ့အခွင့်အရေးပြဌာန်းမှုများ ကွဲပြားလျက်ရှိသည်။ ကမ္ဘာ့ကုသသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နှင့် လူ့အအခွင့်အရေးဆိုင်ရာ NGO အဖွဲ့အစည်းများက LGBTQIA+ များကို အတွေးအမြင်သစ်များဖြင့် လက်ခံ အသိအမှတ်ပြုခဲ့သည်။ LGBTQIA+ အခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်သည်ဟု ကြေညာခဲ့ပြီး လိင်တူဆက်ဆံရေးများကို ပြစ်မှုမသွင်းရန်၊ ခွဲခြားမှု မပြုလုပ်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။

LGBTQIA+ များကို တရားဝင် အသိအမှတ်ပြု လက်ခံသောနိုင်ငံများ၌ လူ့အခွင့်အရေး ဥပဒေကို အသက်သွင်းရာတွင် လူ့အခွင့်အရေးနှင့် အခြေခံဥပဒေတို့အပြင် အောက်ပါအဆင့်ဆင့်ကို ဥပဒေပြု အကောင်အထည်ဖော်နေကြသည်။ (၁) လိင်တူဆက်ဆံခြင်းကို ဥပဒေအရ အသိအမှတ်ပြုခြင်း (သို့) လိင်တူလက်ထပ်ခွင့်ပြုခြင်း (၂) ဒွိလိင်နှင့် လိင်ပြောင်းလဲထားသူများအတွက် ဂျန်ဒါ အခွင့်အရေး (၃) LGBTQIA+ များကို တားဆီးပိတ်ပင်ထားသော သေဒဏ်နှင့် ပြစ်မှု ပပျောက်ရေး (၄) ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေ (၅) ကလေးမွေးစားခြင်းနှင့် မိဘ ဖြစ်တည်ခွင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံပေါင်း ၃၄ နိုင်ငံကျော်၌ လိင်တူ လက်ထပ်ခြင်းဥပဒေကို ရေးဆွဲပြီး ဖြစ်သည်။ တစ်ဘက်တွင်လည်း နိုင်ငံပေါင်း ၆၄ နိုင်ငံ၌ လိင်တူဆက်ဆံရေးများကို ပြစ်ဒဏ်၊ သေဒဏ်အဖြစ် သတ်မှတ်ထားမှုများ ရှိနေသည်။ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေများကမူ LGBTQIA+ တစ်ယောက်ချင်းစီအား ဘက်လိုက်မှု၊ အဂတိ၊ မလိုမုန်းထားမှုများမှ ကာကွယ်ပေးရန်၊ လုပ်ငန်းခွင်၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင် လုံခြုမှုရှိရန် ကာကွယ်ပေးထားသည်။

လူသားအားလုံး တန်းတူညီမျှရေးဆိုသည်မှာ ကျား မ တန်းတူညီမျှမှုသာမက ကွဲပြားသော LGBTQIA+ တို့၏ အခွင့်အရေးရရှိမှု၊ ဥပဒေပြဌာန်း၍ တရားဝင်ဖြစ်မှုများလည်း ပါဝင်နေသည်။ တဖန် လိင်စိတ်ခံယူချက် မတူကွဲပြားမှုများသည် အထူးအဆန်းပြဿနာတစ်ရပ် မဟုတ်ဘဲ လောကကို အလှဆင်နေကြသူများဖြစ်ကြောင်း ပြန်ပြောင်းရှုမြင်ရန် လိုအပ်လှသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံသာမက ကမ္ဘာအနှံ့အပြားတွင်ရှိကြသော LGBTQIA+ လူသားများ လူ့ဂုဏ်သိက္ခာနှင့်အညီ ပြည့်ဝစွာ နေထိုင်နိုင်ရေးသည် လူ့အဖွဲ့အစည်းအတွင်း လူသားတို့၏ နှလုံးသားတွင် လူ့အခွင့်အရေး အယူအဆများ စိမ့်ဝင်ကိန်းအောင်းနေရန် လိုအပ်လှပါသည်။ LGBTQIA+ များ၊ တက်ကြွလှုပ်ရှားသူများ၊ လူငယ် လူကြီး ခေါင်းဆောင်များ၊ ဥပဒေ ပညာရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောတူညီ ဆုံးဖြတ်ချက်များမှသည် အားလုံးလက်ခံသော လူ့အခွင့်အရေးဥပဒေတစ်ရပ်အဖြစ် အသက်သွင်း၍ လူသားချင်း တန်းတူညီမျှမှုအတွက် ဦးတည်သွားနိုင်မည် ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

ဆောင်းပါးသည် ကိုယ်ပိုင်အာဘော် အချက်အလက် ဖြစ်သော်လည်း ယခု website များမှ ဖတ်ရှုလေ့လာထားပါသည် https://ourworldindata.org/lgbt-rights https://www.aclu.org/know-your-rights/lgbtq-rights