ရေခံမြေခံအရလိုအပ်ချက်NTA(သို့မဟုတ်)ဖက်ဒရယ်ကိုအတောင်တပ်ခြင်း

စစ်တပ်ဖိနှိပ်တာတွေနဲ့ ဖိနှိပ်ခံရသူတွေရဲ့တန်ပြန်လှုပ်ရှားမှုတွေက ဒီနိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာကို ပြဋ္ဌာန်းခဲ့ ပါတယ်။ ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းမှု အလွန် အချိန်က ဖိနှိပ်မှုနဲ့တုံ့ပြန်မှုနှစ်ခုလုံး အားကောင်း တဲ့အချိန်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အစဉ်ဆက် ရှိခဲ့ရတဲ့ နိုင်ငံအနောက်စွန်းက အရှေ့ဖျား၊ မြောက်‌‌ဘက်တောင်တန်းတွေကတောင်ဘက်ပင်လယ်တွေအထိ “စစ်တပ်ရဲ့အာဏာကို ဖီဆန်ခြင်းနဲ့ ကိုယ့်နိုင်ငံ‌ရေးကိုယ်ပိုင်ခြင်းဆိုတဲ့ အထိုင်နှစ်ခု”ကို အခြေခံတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုပြောလာပါတယ်။ အခုထိပြောနေတဲ့ ပြဋ္ဌာန်းခွင့်မှာ အကန့်အသတ်တွေနဲ့ပါ။ စစ်ပွဲမှာအသာရတဲ့ ဗမာမဟုတ်တဲ့ လူမျိုးစုတွေ၊ နယ်မြေထိန်းချုပ်နိုင်တဲ့ ဗမာဒေသတွေမှာဘဲ ဒီကိစ္စကိုပြောနိုင်နေတာပါ။ စစ်ရေးအား သာချက်အခြေခံအဖြေရှာရတဲ့နောက်မှာ လက်နက်အင်အား၊ ဘဏ္ဍာရေး၊ လူဦးရေ၊ ရင်းမြစ် တစုံတရာရှိတဲ့သူတွေပဲ ကိုယ့်လမ်းကိုယ်ဖောက်နိုင်ပါတယ်။ ရက္ခိုင့်တပ်တော်တို့၊ ကိုးကန့်၊ မိုင်းလားနဲ့ ဝ တို့လိုအင်အားစုတွေပြောတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က အနည်းနဲ့အများ သီးခြားသဘောဆန် နေပေမယ့် ကရင်၊ ကရင်နီ၊ ချင်းတွေနဲ့ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတို့လို ဒေသအခြေပြုယူနစ်တွေပါတဲ့ အင်အားစုတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီခေါင်းစဉ်အောက် မှာရှိနေပါတယ်။ ဘယ်လိုပဲပြောပြော တရားဝင်ဖြစ်တဲ့ နိုင်ငံတခုအတွင်းမှာ အတူရှိမယ်ဆိုရင်တော့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကြား ဆုံမှတ်တွေရှိရမှာပါ။

ဖက်ဒရယ်ဘောင်‌ထဲ နိုင်ငံရေးအရအလွှာလိုက်အစိုးရတွေလို့ပြောရင် ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ကိုပဲ အခုထိဆွေးနွေးရဆဲပါ။ အဲ့တာကလည်း နိုင်ငံရေးလိုအပ်ချက်အရ “ပင်မလူများစု ဗမာ” နဲ့ “ဗမာလောက်မများပေမယ့် လူများစုဖြစ်တဲ့လူမျိုးစုတွေ” ကြားတင်ဆယ်စုနှစ် ၇ စု အာဏာခွဲဝေ ရေးကိစ္စညှိနှိုင်းခွင့်မရတဲ့အကျိုးသက်ရောက်မှုကြောင့်ပါ။ ဒါပေမယ့် နောက်ထပ်ပဋိပက္ခတွေ မဖြစ်ချင်ရင်တော့ ပြည်နယ်တွင်းလူနည်းစုတွေအတွက် ထိရောက်တဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ နိုင်ငံရေးအရစုံလင်မှု တွေကို ကိုယ်စားပြု အာမခံချက်ပေးနိုင်တဲ့ ဒေသန္တရအစိုးရတို့၊ နယ်မြေ အခြေမခံပြဋ္ဌာန်းခွင့် (Non-Territorial Autonomy - NTA) လို အစီအမံတွေကိစ္စလည်း ကြိုတင်ညှိနှိုင်းထားသင့်ပါပြီ။ ပြည်နယ်ရမှ အခွင့်အရေးရမယ်ဆိုရင် နောက်ထပ်ပဋိပက္ခသစ်တွေကို ကျနော်တို့ကိုယ်တိုင်စတင်လိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ ဩဂုတ် ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ရဲ့ နိုင်ငံရေးရပ်တည်ချက်မှာတော့ “နယ်မြေအခြေမခံသောအခွင့်အရေး - NTA” တွေကို ဖက်ဒရယ်နဲ့ ပြည်နယ်အဆင့်ဖွဲ့စည်းပုံတွေမှာ ထည့်သွင်းအကာအကွယ်ပေးရမယ်လို့ဖော်ပြလာပါတယ်။ ဒါက ဒီနိုင်ငံရဲ့သမိုင်းမှာ နိုင်ငံတော်အဆင့်ထုတ်ပြန်ချက်တခုထဲ ပထမဆုံးတွေ့လာရတဲ့ NTA ဖြစ်ပါတယ်။ NTA နဲ့ပတ်သက်ပြီး ဗမာဘာသာနဲ့ဖြန့်ဝေတဲ့ဆောင်းပါးတွေ၊ စာတမ်းတွေမှာ “နယ်မြေ‌ဒေသအခြေမပြုယဉ်ကျေး မှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”၊”နယ်မြေခွဲဝေမပေးသောကိုယ်ပိုင်အုပ်ချုပ်ခွင့်”၊ “နယ်မြေအခြေမခံ သောကိုယ်ပိုင်အုပ်ချုပ်ရေး”စသဖြင့် ‌သုံးနှုန်းပါတယ်။ NTA အယူအဆကို ၁၈၉၉၊ ၁၉၀၄ ဆောင်းပါး နှစ်ခုနဲ့ ၁၉၀၇ ထုတ် Die Nationalitätenfrange und die Sozial-demokratie မှာစ တွေ့ခဲ့တယ်လို့ ခြေရာခံနိုင်ပါတယ်။ ဒီ ၃ ခုလုံးကိုရေးသားသူတွေက မာ့စ်ဝါဒီဂျုးပညာရှင် ၃ ယောက်ဖြစ်နေတာကိုလည်း တိုက်ဆိုင်မှုတခု အနေနဲ့ တွေ့ရပါတယ်။ သူတို့တွေက နိုင်ငံတော်အတွင်းက လူနည်းစုတွေ၊ ပျံ့နှံ့နေထိုင်သူတွေကို အကာအကွယ်ပေးချင်တဲ့နည်းနာတခုအနေနဲ့ တင်သွင်းခဲ့တာပါ။

ဒေသန္တရအစိုးရလို့ပြောရင် ဝိသေသတခု/တခုထက်ပိုပြီး အခြေခံရှိတဲ့လူတွေ စုစည်းဦးဆောင်ပြီး နယ်မြေတခုရဲ့ အခြေခံပြည်သူ့လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးတာ၊ နယ်မြေအခြေခံပြီး နိုင်ငံရေး ကိုယ်စားပြုတာလို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ ပြည်နယ်တွင်းလူနည်းစုတွေရှိနေတဲ့ ပြည်နယ်တွေ၊ ဒါမှမဟုတ်ရင် ပြည်နယ်အစိုးရကတိုက်ရိုက်ကိုင်တွယ်ဖို့မသင့်တဲ့ အထူးအခြေအနေတရပ်ရှိနေရင် ဒေသန္တရအစိုးရဖွဲ့ပြီး လည်ပတ်စေတာမျိုးနဲ့ ဖြေရှင်းလို့ရပါတယ်။ NTA ကတော့ နယ်မြေကို အခြေမခံပါ။ နယ်မြေပေးထားချက်ထက် ကျော်လွန်တဲ့ယဉ်ကျေးမှု၊လူမျိုးစုံလင်မှုတွေကို အာမခံချက်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူတိုင်းဒေသတခုခုအခြေပြုပြီး အုပ်ချုပ်ရေးထူထောင်ဖို့ နည်းနာပိုင်းအရ ကြောင်းကျိုးမညီညွတ်ပါ၊ ဒါပေမယ့်လူတိုင်းအခွင့်အရေးရဖို့လိုပါတယ်။ ဒီ့အတွက် ဒေသန္တရအဆင့် ပြည်သူ့ဝန်ဆောင်မှုယန္တရားထူထောင်ဖို့လုံလောက်တဲ့အထိ နယ်မြေတခုအတွင်း စုစည်းနေထိုင်တဲ့ လူဦးရေပမာဏ၊ နယ်မြေအကျယ်အဝန်းမရှိတဲ့အခါ NTA ကို သုံးနိုင်ပါတယ်။ ဒေသအသီးသီးကို ပျံ့နှံ့နေထိုင်နေတဲ့ လူမျိုးစုတွေ၊ ဘာသာရေးလူနည်းစုတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ အာမခံချက်ပြည့်ဝတဲ့ NTA ရဲ့ အားသာချက်တွေအနေနဲ့ ပြည်နယ်‌တွင်းလူ နည်းစုတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလိုကဏ္ဍတွေကို အာမခံနိုင်တာ၊ ပြည်နယ်သစ်မဖြစ်မနေတည်ဆောက်တာနဲ့ ခွဲထွက်ရေး တောင်းဆိုမှုတွေလို ကိစ္စတွေကို လျှော့ချနိုင်ပါတယ်။ ဒီနိုင်ငံနဲ့လည်း အစိမ်းသပ်သပ်မဟုတ်ပါ။ လူမျိုး၊ ဘာသာတခုခုအခြေခံနဲ့ လည်ပတ်တဲ့ ကျောင်း၊ ဆေးရုံ၊ သင်တန်း၊ လူမှုရေးအသင်းတွေက NTA နဲ့ဆင် တူတဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ NTA မှာတော့ ပိုကောင်းတဲ့ အာမခံချက်တွေ၊ ပြည်ထောင်စုနဲ့ ပြည်နယ်တွေကနေ NTA ယူနစ်/ကောင်စီတွေဆီ ဘဏ္ဍာရေးထောက်ပံ့တာတွေပါဝင်ပါတယ်။

NTAကျင့်သုံးဖို့ အရိုးရှင်းဆုံး ဥပမာတခုပေးရရင် ကော်သူးလေပြည်နယ်က ဖက်ဒရယ်ပြည်နယ်တခု ရဲ့အခွင့်အရေး အပြည့်အဝရှိနေချိန်၊ ကရင်နီ၊ တနင်္သာရီတို့လို တခြားလူမျိုးတွေရဲ့ဒေသထဲက ကရင်ရွာတွေမှာ ‌ဒေသန္တရအစိုးရဖွဲ့စည်းနိုင်ပါမယ်။ ဒါပေမယ့် ရန်ကုန်၊ မန္တလေးလိုဒေသတွေမှာ ပျံ့နှံ့အခြေချပြီးသား ဖြစ်တဲ့ကရင်လူမျိုး အိမ်ထောင်စုတွေနဲ့ လူတယောက်ချင်းအနေနဲ့ဆိုရင် ‌သူ့လူမျိုးစုရ ပိုင်ခွင့်၊ ယဉ်ကျေးမှု ဆိုင်ရာကျင့်သုံးပိုင်ခွင့်၊ ဘာသာစကားသုံးစွဲခွင့်တွေကို NTA ခေါင်းစဉ်အောက်မှာ ကာကွယ်၊ မြှင့်တင်နိုင်ပါလိမ့်မယ်။ (ပြည်နယ်တွင်းလူနည်းစုဆိုတာ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံးအများဆုံးဖြစ်တဲ့ ဗမာ‌တွေကိုယ်တိုင်လည်း ဗမာမဟုတ်တဲ့လူမျိုးစုတွေရဲ့ဒေသမှာ လူနည်း စုဖြစ်နေပါလိမ့်မယ်) ဒီအာမခံချက်တွေကို ဖက်ဒရယ်အစိုးရအဆင့်မှာကော၊ ပြည်နယ်အဆင့်တွေမှာ ကော အာမခံချက်ပေးရမှာဖြစ်ပြီး အကောင်အထည်ဖော်ဖို့အတွက်‌တော့ ဒေသန္တရ၊ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရလို အလွှာစုံအစိုးရတွေနဲ့ လိုအပ်သလို ပူးပေါင်း အကောင်အထည် ဖော်နိုင်ပါတယ်။ NTAရဲ့အနှစ်သာရက လူတယောက်၊ အိမ်ထောင်စုတစု၊ ဒါမှမဟုတ်နေရာတခုခုမှာလူနည်းစုဖြစ်နေတဲ့ လူတစုရဲ့ အခွင့်အရေးကို သူတို့ဘယ်နေရာမှာ နေနေရရှိစေတာပဲဖြစ်ပါတယ်။ ဒီ့အတွက် နိုင်ငံနယ်နိမိတ် တခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံသားအခွင့်အရေးတွေ၊ ပြည်နယ်သားအခွင့်အရေးနဲ့ ဖက်ဒရယ်အဆင့်၊ ပြည်နယ် အဆင့်လုပ်ပိုင်ခွင့်တွေက NTA နဲ့ ညီညွတ်တဲ့ အစီအမံတွေဖြစ်ဖို့လိုပါတယ်။

ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် အာဏာပိုင်းခြားခွဲဝေရေးမှာတင် တိုးတက်မှုနှေးတဲ့ပြဿနာက ဒီနိုင်ငံရဲ့အရှိတရားပါ။ ဒါပေမယ့်ရှေ့လာမယ့် ပြည်နယ် အချုပ်အခြာအာဏာစစ်စစ်နဲ့ ဖက်ဒရယ်စစ်စစ်မှာတော့ ပြည်နယ်တွင်းက စုံလင်မှုတွေကိုအလေးထားတဲ့ အစီအမံတွေထည့်စဉ်းစားရပါလိမ့်မယ်။ အထက်စီးမှာ လူများစုက အာဏာကိုသိမ်းကြုံးရယူတဲ့အကျင့်ကိုမုန်းရင် ကိုယ့်ထက်နည်းတဲ့လူတွေအပေါ်မှာလည်း မျှတရပါမယ်။ ကိုယ့်လူကလည်း တခြားလူတွေရဲ့ ဒေသမှာလူနည်းစု ဖြစ်နေမှာမလို့ အပြန်အလှန် တာဝန်ခံကြတဲ့ အာဏာခွဲဝေတဲ့ယဉ်ကျေးမှုကို တည်ဆောက်ရပါမယ်။ ဒီဆောင်းပါးက NTA ကို စဉ်းစားတာက နိုင်ငံရေခံမြေခံအရဘာကြောင့် ကြောင်းကျိုးညီညွတ်လဲဆိုတာရယ်၊ NTA ရဲ့ အခြေခံ အယူအဆနည်းနည်းရယ်ကို မိတ်ဆက်တာပဲဖြစ်ပါတယ်။