နိုင်ငံသားဖြစ်မှုသည် နိုင်ငံရေးအရ အသုံးချစရာမဟုတ်

Jus soli လို့ ခေါ်တဲ့ Birthright Citizenship မူဝါဒကို ၂၀၂၅ ခုနှစ်အထိဆိုရင် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၃၀ ဝန်းကျင် ကျင့်သုံးကြပါတယ်။ ဒီမူဝါဒရဲ့ အနှစ်သာရကတော့ မိဘတွေက သူတို့ ကလေး မွေးဖြစ်သွားတဲ့နိုင်ငံရဲ့ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးဖွားလာတဲ့ ကလေးဟာ အဲဒီနိုင်ငံရဲ့နိုင်ငံသား အလိုအလျောက်ဖြစ်ပါတယ်။ ခြွင်းချက်မဲ့ပါ။ ဘယ်လောက် လူသားဆန်လိုက်ပါသလဲ။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုလည်း အပါအဝင်ဖြစ်ပြီး အခုထရမ့်ပ်အစိုးရ လက်ထက်မှာ အဲဒါကိုပြောင်းဖို့ အကြီးအကျယ်ကြိုးစားနေပါတယ်။ ဒီဆောင်းပါးရေးချိန်ထိတော့ အပြောင်းအလဲ မရှိသေးပါဘူး။

ကိုယ့်နိုင်ငံထဲမှာ နိုင်ငံမဲ့၊ သူများနိုင်ငံမှာ အထောက်အထားမဲ့

ကျနော် ထောင်ကလွတ်လာတော့ ကျနော့်မှာ မှတ်ပုံတင် မရှိတော့ပါဘူး။ အဖမ်းခံရချိန်က သိမ်းသွားပြီး ပြန်မပေးတာလား၊ ဘယ်လိုပျောက်သွားတာလဲတော့ မမှတ်မိတော့ဘူး။ အဲဒီအတွက် လည်း စိတ်ထဲမှာ ပူပန်သောက မရှိခဲ့ဖူးပါဘူး။ ဒီလိုပဲ နေခဲ့လိုက်တာပဲ။ မတိုက်ဆိုင်လို့လားမသိ၊ အဲဒါကြောင့်မို့တော့ ပြဿနာတစ်ခုခု မကြုံခဲ့ရဖူးပါဘူး။ ၂၀၀၁ နှစ်ကုန်မှာ ပြည်ပြေးဖြစ်ဖို့ အကြောင်းဖန်လာတော့ မှတ်ပုံတင်ပျောက်ဆုံးကြောင်း ထောက်ခံစာနဲ့ပဲ ခရီးထွက်လာလိုက်တယ်။ လမ်းမှာ လဝကဆိုသူတွေက စစ်တော့လည်း အဲဒါပဲ ထုတ်ပြလိုက်တာပဲ။ သူများနိုင်ငံမှာ အထောက်အထားမဲ့ လူတစ်ယောက်အဖြစ် နေခဲ့ရတဲ့အချိန်တွေမှာလည်း ကိုယ့်ကိုယ်ကို ငါဟာ နိုင်ငံမဲ့တစ်ယောက် ဖြစ်နေပါလားလို့ တစ်ခါမှ မတွေးဖြစ်ခဲ့ဖူးဘူး။ တကယ် တမ်းကတော့ မိခင်နိုင်ငံရဲ့ သက်ဆိုင်ရာအထောက်အထားလည်း ဘာမှမရှိ၊ တစ်ဘက်နိုင်ငံမှာလည်း ဘာအထောက်အထားမှ မရှိသူတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံကမှ နိုင်ငံသားအဖြစ် တရားဝင် အသိ အမှတ်ပြုမခံရတဲ့ အကာအကွယ်မဲ့အခြေအနေမျိုးနဲ့ နေထိုင်ခဲ့ရတယ်ဆိုတာ ကိုယ်တိုင်တောင် သေသေချာချာမတွေးမိခဲ့ဖူးပါဘူး။ ကိုယ်က ကိုယ့်ကိုယ်ကိုတော့ မြန်မာနိုင်ငံသားလို့ အမြဲတမ်းခံယူ ခဲ့တာပဲလေ။

တတိယနိုင်ငံတခုရဲ့ နိုင်ငံသား

၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းမှာ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းအခြေစိုက်ဖို့ ဖြစ်လာပါတယ်။ အဲဒါကလည်း ကိုယ်တိုင်က အမေရိကန်ကို ရွေးချယ်ခဲ့လို့မဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေအရ သတ်မှတ်တဲ့အထဲမှာ ပါသွားတာပါ။ နောင်အချိန်တန်တော့ အမေရိကန်နိုင်ငံသား ဖြစ်သွား တာပါပဲ။ အဲဒီအချိန်မှာ အဓိကဖြစ်ရတဲ့ ခံစားမှုကတော့ လုံခြုံမှုနဲ့ စိတ်အေးချမ်းမှုပါ။ ဘယ်သွားသွား နောက်ကျောမလုံတဲ့ဘဝ မဟုတ်တော့ဘူးဆိုတဲ့ ခံစားချက်က လူတစ်ယောက်ရဲ့ လူသားဖြစ်တည်မှု အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကိုယ်တိုင်သိခဲ့ရပါတယ်။

နိုင်ငံတွင်း မွေးသူချင်းတူတူ

မြန်မာနိုင်ငံမှာမွေးပြီး နိုင်ငံသားမှတ်ပုံတင် ရထားသူတွေရဲ့ မှတ်ပုံတင်ကတ်တွေမှာ လူမျိုးဆို တာ တစ်ခုပါပြီး အဲဒီနေရာမှာ ‘ဗမာ’ လို့ ရေးမထားရင် နေရာဌာနပေါင်းစုံမှာ နည်းလမ်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံခံရပါတယ်။ နောက်ဆုံး နိုင်ငံကူးလက်မှတ် သွားလုပ်ရင်တောင် လူမျိုးဆိုတာကို ဖော်ပြထားပုံပေါ်မူတည်ပြီး ငွေညှစ်နည်းပေါင်းစုံနဲ့ ညစ်ပတ်တာခံရပါတယ်။ ငွေသာပုံပေးလို့က တော့ အဲဒီလက်မှတ်ကို လဝကအရာရှိဆိုသူ၊ ရဲအရာရှိဆိုသူက အိမ်တိုင်ရာရောက်တောင် လာပို့ပါ တယ်။ ဆိုတော့ ဒါကညစ်ပတ်ဖို့၊ ယုတ်မာဖို့၊ ငွေညှစ်ဖို့သက်သက် လုပ်ထားတာပါ။ ဘာမှ တိုင်းပြည် နဲ့လူမျိုးကို ကာကွယ်ဖို့ မဟုတ်ပါဘူး။ ဘာမှ လူမြိုမခံရဖို့ ကာကွယ်ထားတာ မဟုတ်ပါဘူး။ တစ်ခါ အဲဒါကိုကိုင်ပြီး နိုင်ငံရေးအရ အသုံးချပါသေးတယ်။ သုံးချင်တဲ့အခါကျတော့ မဲပေးလို့ရအောင် မလျော်သြဇာသုံးပြီး မသုံးချင်တဲ့အခါကျတော့လည်း မလျော်သြဇာသုံးပြီးတော့ပဲ နိုင်ငံမဲ့သူတွေလို ဖြစ်အောင်၊ တရားမဝင် ဝင်လာသူတွေလိုဖြစ်အောင် လုပ်ကြပါတယ်။

နိုင်ငံသားဖြစ်မှုနဲ့ လူသားဂုဏ်သိက္ခာ

လူဆိုတာ မွေးဖွားလာတုန်းက ဘယ်နိုင်ငံသားဖြစ်ရမယ်ဟေ့ဆိုပြီး မွေးဖွားလာတာ မဟုတ် ပါဘူး။ မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ဟိုနိုင်ငံ၊ ဒီနိုင်ငံမှာ မွေးကြရတာကနေ သက်ဆိုင်ရာ နိုင်ငံရဲ့ ပြဋ္ဌာန်းဥပဒေတွေအရ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ သတ်မှတ်ခံကြရတာပါ။ ဒီမြေမှာ မွေးတဲ့ကလေးဟာ ဒီနိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ အင်မတန်ကို ကျိုးကြောင်းဆီလျော်တဲ့ သတ် မှတ်ချက် တစ်ခုပါ။ ဒါကို နိုင်ငံရေးပယောဂနဲ့ ပယ်ဖျက်ဖို့ ကြိုးစားတာဟာ လူမဆန်တာပါဘဲ။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်ခြင်းကြောင့် အဲဒီလူတစ်ယောက်ဟာ စိတ်အေးချမ်းလုံခြုံမှု ခံစား ရတာနဲ့အမျှ သက်ဆိုင်ရာလူ့အဖွဲ့အစည်းကို အနည်းနဲ့အများဆိုသလို ကောင်းကျိုးပြုဖို့ လမ်းစပွင့် သွားစေပါတယ်။ တထိတ်ထိတ်တလန့်လန့်နဲ့ နေနေရမှတော့ လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုဖို့ နေနေသာသာ ကိုယ်တိုင်အတွက် ကောင်းကျိုးပြုဖို့တောင် ခက်ခဲလှပါတယ်။ နိုင်ငံတစ်ခုမှာ မွေးဖွားလာသူတစ်ယောက်ဟာ မှတ်ပုံတင်လို့ခေါ်တဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ စာရွက်စာတမ်းတစ်ခု မရှိတာနဲ့ဘဲ အဲဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရတယ်ဆိုတာ လူမဆန်တဲ့ သတ်မှတ်ချက်တစ်ခုပါပဲ။ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရတဲ့အပြင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ကန့်သတ်ခံရ တာတွေကြောင့် နောက်ဆက်တွဲ လူမှုစီးပွားဘဝ ဆုံးရှုံးမှုတွေက လူတစ်ယောက်ချင်းစီအတွက်ရော၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ ဘယ်လိုမှ ကောင်းကျိုးမဖြစ်စေပါဘူး။ ဒါ့အပြင် ဒီအခြေအနေ ကို အခွင့်ကောင်းယူအသုံးချချင်တဲ့ ပုံစံမျိုးစုံမသမာသူတွေကြောင့် ပိုပြီးဆိုးရွားတဲ့ အကျိုးဆက် တွေကို တစ်ဦးချင်းစီအနေနဲ့ရော လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ပါ ကြုံတွေ့ခံစားရစေပါတယ်။ နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတာ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို ဘယ်လိုအကြောင်းပြချက်နဲ့မှ၊ ဘယ်သူကမှ ပယ်ဖျက်ခွင့်မရှိပါဘူး။ နိုင်ငံတစ်ခု မှာ မွေးဖွားနေထိုင်ကြီးပြင်းပြီး အဲဒီနိုင်ငံကိုပဲ အိမ်လို့ သတ်မှတ်ထားသူအတွက်ကတော့ တခြားမှာ အိမ်ဆိုတာ ဘယ်သောအခါမှ ရှိလာမှာမဟုတ်ပါဘူး။