စာမူများဖိတ်ခေါ်ခြင်း

“အရောင်သွေးစုံ အတွေးအမြင်များမှသည် ပါဝင် ပေါင်းစပ် အနာဂတ်ဆီသို့”

“From Diverse Perspectives to the Shared Future”

“Mosaic Voices” သည် စုံလင်ကွဲပြားသည့် မြန်မာ့ လူမှုအဝန်းအဝိုင်းများအကြား ရေရှည် တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကိုမြှင့်တင်ရန်ရည်ရွယ်သော သုတေသနနှင့် လေ့လာ တွေ့ရှိချက်များ၊ သုံးသပ်ချက်များ၊ အတွေ့အကြုံများ၊ အတွေးအမြင်များကို မျှဝေ ဖော်ပြနိုင်မည့် ပလက်ဖောင်းတခု ဖြစ်ပါသည်။

ဤပလက်ဖောင်းတွင် အောက်ပါ အကြောင်းအရာများနှင့် သက်ဆိုင်သည့် ကိုယ်တိုင်ရေး စာမူများကို ဖော်ပြသွားမည် ဖြစ်ပါသည်။

🔹 နိုင်ငံသားဖြစ်မှု၊ ပဋိပက္ခနှင့် နေရပ်စွန့်ခွါတိမ်းရှောင်ရမှု
(Citizenship, Conflict and Displacement)

🔹 လူသားရပိုင်ခွင့်၊ ဗဟုဝါဒနှင့် ဒီမိုကရေစီ
(Human Rights, Pluralism and Democracy)

🔹 တရားမျှတမှုနှင့် ငြိမ်းချမ်းရေး
(Justice and Peace)

🔹 အားလုံးပါဝင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်
(Inclusive Federal Democracy)

🔹 ပဋိပက္ခနှင့် လူသားလုံခြုံရေး
(Conflict and Human Security)

ဤအကြောင်းအရာများနှင့် စပ်လျဥ်း၍ အများပြည်သူကြား လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး အမြင် ဖလှယ်ခြင်းဖြင့် သက်ဆိုင်ရာ အကြောင်းအရာ တခုချင်းစီအပေါ် သိရှိ နားလည်စွမ်း ပိုမို တိုးတက်လာစေရန်၊ ထိုမှတဆင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းတည်ငြိမ်မှု၊ လူမှုအဝန်းအဝိုင်း တခုနှင့်တခု ကြား သဟဇာတဖြစ်မှု၊ လူမှုအဝန်းအဝိုင်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်း သန်မာ အားကောင်းမှု စသည်တို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

အတွေ့အကြုံရင့် သုတေသီများသာမက စိတ်အားထက်သန်စွာ လေ့လာနေသော လူငယ်ခေါင်းဆောင် များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် ပါဝင် လုပ်ဆောင်နေသူ များ၊ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူများ၊ မြန်မာ့အရေး စိတ်ဝင်စားသည့် လူပုဂ္ဂိုလ်များ စသဖြင့် စိတ်ဝင်စားသူအားလုံးကို ပါဝင်ရန် ဖိတ်ခေါ်ပါသည်။

စာမူ ပေးပို့လိုသူများအနေဖြင့် voices@mosaicmm.org သို့ ဆက်သွယ် ပေးပို့နိုင်ပါသည်။ ပေးပို့လာ သော စာမူများကို Mosaic Voices Editorial Team မှ စိစစ် ရွေးချယ်၍ လိုအပ်သလို တည်းဖြတ်မည် ဖြစ်ပြီး ဤသို့ တည်းဖြတ်သည့် လုပ်ငန်းစဥ်တွင် စာမူရှင်၏ ပါဝင်မှုကိုပါ လိုအပ်သလို ထည့်သွင်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

စာမူဆိုင်ရာ သတ်မှတ်ချက်များ

🔹 ဗမာ/မြန်မာ ဘာသာစကားဖြင့် ရေးသားထားသည့်စာမူ ဖြစ်ရပါမည်။

🔹 စကားပြေပုံစံဖြင့်သော်လည်းကောင်း၊ စကားပြောပုံစံဖြင့်သော်လည်းကောင်း မိမိအားသန် သလို ရေးသားနိုင်ပါသည်။ သို့သော် ဆောင်းပါးတပုဒ်ထဲတွင် စကားပြေ သို့မဟုတ် စကားပြော ပုံစံတခုကိုသာ အသုံးပြုရပါမည်။

🔹 ကိုယ်တိုင်ရေးစာမူ ဖြစ်ကြောင်းနှင့် မည်သည့် အွန်လိုင်း/ပုံနှိပ်/ရုပ်သံလွှင့်/အသံလွှင့် မီဒီယာ တွင်မှ ဖော်ပြဖူးခြင်းမရှိသည့် စာမူဖြစ်ကြောင်း ကိုယ်တိုင် အာမခံချက် ပါရှိရပါမည်။

🔹 စာမူကို Mosaic Voices တွင် ဖော်ပြရန် ရွေးချယ်ပါက Digital Media Form အသီးသီးနှင့် ပုံနှိပ်ပုံစံ အသီးသီးတွင် အသုံးပြုခွင့်၊ ပုံနှိပ်ဖြန့်ချိခွင့်၊ အခြားပုံစံများဖြင့် ထုတ်လုပ်ခွင့်ပြု ကြောင်း (ဥပမာ - ရုပ်သံ၊ အသံ၊ Infographic စသည်) သဘောတူညီချက် ပါရှိရပါမည်။

🔹 စာမူသည် Unicode Font စာလုံးအရွယ်အစား ၁၂ ပွိုင့်ဖြင့် Microsoft Word သို့မဟုတ် Text File တွင် ရိုက်ထားသည့်စာမူ ဖြစ်ရပါမည်။

🔹 စာမူသည် ပတ်ပတ်လည် Margin ၁ လက်မစီ ခြားထားသည့် A4 စာရွက် အရွယ်အစား နှစ်မျက်နှာထက် မပိုစေရပါ။

🔹 စာမူများအတွက် နောက်ဆုံးသတ်မှတ်ရက် မရှိဘဲ ရွေးချယ်သည့် စာမူအစဥ်အတိုင်း ဖော်ပြ သွားမည်ဖြစ်ပါသည်။

🔹 စာမူပေးပို့ချိန်တွင် စာမူရှင်၏ ကိုယ်ရေးအကျဥ်းကို ထည့်သွင်းပေးပို့ရမည် ဖြစ်ပါသည်။

စာမူ စိစစ် ရွေးခြယ် ဖော်ပြခြင်းဆိုင်ရာ လုပ်ငန်းစဥ်

🔹 စာမူကို ရွေးချယ်ခြင်း ရှိ/မရှိ ဆိုသည်ကို လက်ခံရရှိသည့်နေ့မှစ၍သီတင်းတပတ်အတွင်း ဆက်သွယ် အကြောင်းကြားပါမည်။

🔹 ရွေးချယ်ထားသည့် စာမူကို စိစစ် တည်းဖြတ်သည့် လုပ်ငန်းစဥ်အတွင်း စာမူရှင်နှင့် လိုအပ်သလို ချိတ်ဆက် ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

🔹 နောက်ဆုံးအဆင့် စာမူ အပြီးသတ်ပြီးပါက စာမူရှင်ထံ ပေးပို့၍ အတည်ပြုချက် ရယူပြီးမှသာ ထုတ်ဝေရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Mosaic Voices တွင် ပါဝင်ပါ။

မြန်မာ့ လူမှုအဝန်းအဝိုင်းများ ခိုင်မာအားကောင်းရေး

စွမ်းနိုင်သရွေ့ အားဖြည့်ပါ။